ဘန်ကောက်၊ စက်တင်ဘာ ၃၀
ထိုင်းနိုင်ငံရဲ့ သြဇာကြီးမားတဲ့ ဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာက သူ့ရဲ့ တစ်နှစ်ထောင်ဒဏ်အတွက် ဘုရင်က ပြစ်ဒဏ် ကင်းလွတ်ခွင့်ပေးရေး အသနားခံစာ တင်သွင်းထားတယ်လို့ သူ့ရဲ့ ရှေ့နေက စက်တင်ဘာ ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။
သက်ဆင်ဟာ ပြည်ပမှာ ၁၅ နှစ်ကြာ တိမ်းရှောင်နေခဲ့ပြီး ၂၀၂၃ ခုနှစ် သြဂုတ်လက ထိုင်းနိုင်ငံသို့ ပြန်ရောက်လာခဲ့ပါတယ်။

အဲဒီနောက် ချမှတ်ခံရတဲ့ ထောင်ဒဏ်ကို ဆေးရုံတစ်ခုရဲ့ VIP အဆောင်မှာ ခြောက်လနေပြီး ကျော်လွန်ဖြတ်သန်းခဲ့တာကြောင့် သက်ဆင်ဟာ ကနဦးထောင်ဒဏ်ကို ကျခံခဲ့တာ မဟုတ်ဘူးလို့ နိုင်ငံတော် တရားရုံးက ဆုံးဖြတ်ခဲ့ပါတယ်။
အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ၂၀၀၁ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ယူချိန်မှာ အကျိုးစီးပွား ပဋိပက္ခတွေနဲ့ အာဏာအလွဲသုံးစား လုပ်မှုတို့အတွက် ကနဦးမှာ ထောင် ၈ နှစ် ချမှတ်ခံခဲ့ရတာဖြစ်ပါတယ်။
သူ့ရဲ့ ထောင်ဒဏ်ကို နောက်ပိုင်းမှာ ထိုင်းဘုရင်က ၁ နှစ်သို့ လျှော့ပေါ့ပေးခဲ့တာပါ။

အမှု ရင်ဆိုင်ပြီးတဲ့ ဘယ်အကျဉ်းသားမဆို လျှောက်ထားနိုင်တဲ့ ဘုရင်ရဲ့ ပြစ်ဒဏ်ကင်းလွတ်ခွင့်ပေးဖို့ သက်ဆင်က လျှောက်ထားလိုက်တာကြောင့် သူ့ရဲ့ လက်ရှိ ပြစ်ဒဏ်လျှော့ပေါ့နိုင်ပါတယ်။
အသနားခံစာ တင်ထားပါတဲ့အကြောင်းနဲ့ ဒါက အကျဉ်းသားတိုင်းရဲ့ အခွင့်အရေး ဖြစ်ပါတယ်လို့ သက်ဆင်ရဲ့ ရှေ့နေ ဝင်ယပ် ချာမွန်ထရီက သတင်းထောက်တွေကို ပြောပါတယ်။
သက်ဆင်ဟာ ထိုင်းနိုင်ငံရဲ့ နိုင်ငံရေးလောကကို ဆယ်စုနှစ် သုံးခု ကြာအောင် ကြီးစိုးထားခဲ့ပြီး ၂၀၀၁ ခုနှစ်ကတည်းက ရွေးကောက်ပွဲတိုင်းနီးပါး အနိုင်ရရှိခဲ့ပါတယ်။
သူ့ရဲ့ သောကကင်းတဲ့ စတိုင်လ်နဲ့ လူကြိုက်များမှုကြောင့် ထိုင်းနိုင်ငံရဲ့ လူချမ်းသာ ထိပ်တန်းလွှာတွေ ရှေးရိုးစွဲ စစ်ဗိုလ်ချုပ်တွေနဲ့ ထိပ်တိုက်တိုးခဲ့ရပြီး ရှင်နာဝါထရာ မိသားစုနဲ့ ဆက်နွယ်တဲ့ အစိုးရ ၆ ဖွဲ့ဟာ တရားရုံး ဆုံးဖြတ်ချက်တွေ အာဏာသိမ်းမှုတွေကတဆင့် ဖယ်ရှားခံခဲ့ရပါတယ်။
သူ့ရဲ့သမီးဖြစ်သူ ဝန်ကြီးချုပ် ပေသွန်ထန် ထုတ်ပယ်ခံရပြီးနောက်မှာ သက်ဆင် ထောင်ဒဏ် ချမှတ်ခံရတာ ဖြစ်ပါတယ်။
ပေသွန်ထန်ဟာ ကမ္ဘောဒီးယားနဲ့ နှစ်နိုင်ငံနယ်စပ် ပြဿနာ တက်နေချိန် ကမ္ဘောဒီးယား ဝန်ကြီးချုပ်ဟောင်း ဟွန်ဆန်နဲ့ ဖုန်းပြောဆိုမှု ပေါက်ကြားလာပြီးနောက် ထုတ်ပယ်ခံခဲ့ရတာ ဖြစ်ပါတယ်။
Ref:Reuters