ကျောက်ဖြူ၊ စက်တင်ဘာ ၃၀
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့တိုက်ပွဲတွေမှာ အထိအခိုက်အကျအဆုံးမှုများနေတဲ့ စစ်ကော်မရှင်တပ်ဟာ တိုက်ပွဲမရှိတဲ့နေရာတွေကို လေကြောင်း၊ ရေကြောင်းနဲ့ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ပြည်သူတွေ အနေနဲ့ ပိုမိုသတိရှိကြဖို့ အာရက္ခတပ်တော် AA က အရေးပေါ်ကြေညာချက် ထုတ်ပြန်ထားပါတယ်။
ရခိုင်ပြည်နယ်အစပ်က နေရာသုံးခုမှာ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်ဟာ အထိအ ခိုက် အကျအဆုံးများစွာနဲ့ ရင်ဆိုင်နေရပြီး တပ်ပျက်ကာ ဆုတ်ခွာထွက်ပြေးနေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်ရဲ့ အတင်းအဓမ္မ စုဆောင်းခံရတဲ့ တပ်ဖွဲ့ဝင်သစ်တွေဟာလည်း တိုက်ခိုက်လိုစိတ်မရှိဘဲ ရှေ့တန်း နောက်တန်းတွေမှာ အခွင့်အရေးရရင်ရသလို တပ်ပြေးပြီး ဘက်ပြောင်းခိုလှုံတာနဲ့ အလံဖြူထောင်တာတွေ နေ့တိုင်းရှိနေတယ်လို့ AA က ဆိုပါတယ်။
လက်ရှိ မြေပြင်တိုက်ပွဲတွေမှာ အကျအဆုံးတွေနဲ့ ရင်ဆိုင်နေရတဲ့ စစ်ကော်မရှင်တပ်ဟာ အာရက္ခတပ်တော် အပြည့်အဝ ထိန်းချုပ်ထားပြီး တိုက်ပွဲဖြစ်ပွားခြင်းမရှိတဲ့ မြို့၊ ရွာတွေရှိ စာသင်ကျောင်း၊ ဈေး၊ ဆေးရုံနဲ့ ဘုန်းကြီးကျောင်းစတာတွေအပြင် လူစုလူဝေးရှိတဲ့ နေရာတွေကို နေ့ညမရွေး ပစ်ခတ်တိုက်ခိုက်နေတယ်လို့ AA က သတိပေးထားပါတယ်။
ဒါကြောင့် မိဘပြည်သူတွေအနေနဲ့ စစ်ကော်မရှင်တပ်ရဲ့ ရေကြောင်း၊ လေကြောင်းနဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုတွေကို အရင်ကထက် ပိုမို သတိရှိကြဖို့နဲ့ စစ်ရေးသတိ အချိန်မရွေးရှိကြဖို့ AA က တိုက်တွန်းထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – AA