ဝမ်ကျိုး၊ စက်တင်ဘာ ၃၀

မြန်မာနိုင်ငံမှာ ကျားဖြန့်လို့ခေါ်တဲ့ အွန်လိုင်းငွေလိမ်လုပ်ငန်းတွေကို ဦးစီး လုပ်ကိုင်ခဲ့တဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြီ မိသားစုဝင် ၁၁ ဦးကို တရုတ်တရားရုံးက သေဒဏ်ချမှတ်လိုက်ကြောင်း တရုတ် နိုင်ငံပိုင်မီဒီယာက ဖော်ပြပါတယ်။

မြီ မိသားစုဝင် ဒါဇင်ပေါင်းများစွာဟာ ရာဇဝတ်မှုတွေ ကျူးလွန်ခဲ့တဲ့အတွက် အပြစ်ရှိကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး သူတို့ထဲက အများကြီးကို ကာလရှည် ထောင်ဒဏ်တွေ ချမှတ်ခဲ့တာပါ။

မြီ မိသားစုဟာ တရုတ်နယ်စပ်အနီး လောက်ကိုင်မြို့ကို ကြီးစိုးထားတဲ့ မျိုးနွယ်လေးစုထဲက တစ်စုအတွက် အလုပ်လုပ်ပေးခဲ့ပြီး လောင်းကစား၊ မူးယစ်ဆေးဝါးနဲ့ ကျားဖြန့်ဂိုဏ်း စုရပ်အဖြစ် ပြောင်း လဲပစ်ခဲ့ပါတယ်။

၂၀၂၃ ခုနှစ်က နှိမ်နှင်းမှုအတွင်း သူတို့ မိသားစုဝင်တွေ အများအပြား ဖမ်းဆီးခံရပြီး တရုတ်နိုင်ငံဆီ လွှဲပို့ခံခဲ့ရတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံ အရှေ့ပိုင်း ဝမ်ကျိုးမြို့ရှိ တရားရုံးက မြီ မိသားစုဝင် စုစုပေါင်း ၃၉ ဦးကို ပြစ်ဒဏ် အသီး သီး ချမှတ်ခဲ့တယ်လို့ တရုတ်နိုင်ငံပိုင် CCTV သတင်းဌာနက ဖော်ပြပါတယ်။

သေဒဏ်ချမှတ်ခံရတဲ့ မိသားစုဝင် ၁၁ ယောက်အပြင် နောက်ထပ် ၅ ယောက်ကို နှစ်နှစ်ဆိုင်းငံ့ သေ ဒဏ်ချမှတ်ခဲ့ပါတယ်။

နောက်ထပ် မိသားစုဝင် ၁၁ ယောက်ကို ထောင်တစ်သက်တစ်ကျွန်းချလိုက်ပြီး ကျန်မိသားစုဝင်တွေကိုတော့ ထောင် ၅ နှစ်ကနေ ၂၄ နှစ်အထိ အသီးသီး ချမှတ်ခဲ့ပါတယ်။

မြီမိသားစုနဲ့ တခြား ရာဇဝတ်ဂိုဏ်းတွေဟာ ၂၀၁၅ ခုနှစ်ကတည်းက ကျားဖြန့်လုပ်ငန်း၊ တရားမဝင် ကာစီနိုလုပ်ငန်း၊ မူးယစ်ဆေးဝါး ရောင်းဝယ်မှုနဲ့ ပြည့်တန်ဆာ လုပ်ငန်းတွေ လုပ်ကိုင်နေခဲ့ကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

သူတို့ရဲ့ လောင်းကစားလုပ်ငန်းနဲ့ ကျားဖြန့်လုပ်ငန်းတွေက တရုတ်ယွမ် ၁၀ ဘီလီယံ(ဒေါ်လာ ၁ ဒသမ ၄ ဘီလီယံ) ရရှိခဲ့တယ်လို့ တရားရုံးက ပြောပါတယ်။

ကာစီနိုလုပ်ငန်းတွေကနေ အဲဒီ မိသားစု တစ်စုစီဟာ နှစ်စဉ် ဒေါ်လာ ဘီလီယံနဲ့ချီ ရရှိနေတယ်လို့ လေ့လာသူတွေက ခန့်မှန်းထားပါတယ်။

တရုတ်နဲ့ တခြား အိမ်နီးချင်းနိုင်ငံတွေမှာ တရားမဝင်တဲ့ လောင်းကစားလုပ်ငန်းတွေအဖြစ် မြီ မိသား စုက စတင် လုပ်ကိုင်ခဲ့တာဖြစ်ပြီး လောင်းကစားလုပ်လိုတဲ့ တရုတ်နိုင်ငံသားတွေဟာ သူတို့ရဲ့ အဓိ က ဖောက်သည်တွေ ဖြစ်လာခဲ့ပါတယ်။

အဲဒီနောက် လောက်ကိုင်ဟာ ငွေကြေးခဝါချရာနေရာ၊ ကျားဖြန့်လုပ်ငန်းတွေ စုဝေးရာမြို့ တစ်မြို့ ဖြစ်လာခဲ့တာပါ။

မြီ မိသားစုနဲ့ တခြားရာဇဝတ်ဂိုဏ်းတွေဟာ ကျားဖြန့်လုပ်ငန်း လုပ်သားအများအပြား သေဆုံးမှုအတွက်လည်း တာဝန်ရှိကြောင်း တရားရုံးက စစ်ဆေးတွေ့ရှိခဲ့တာ ဖြစ်ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.