ဝါရှင်တန်၊ စက်တင်ဘာ ၃၀
ဂါဇာ ကမ်းမြောင်ဒေသအတွက် အမေရိကန်ရဲ့ငြိမ်းချမ်းရေး အစီအစဉ် အသစ်ကို အရှေ့အလယ်ပိုင်းနဲ့ ဥရောပ ခေါင်းဆောင်များက ကြိုဆိုခဲ့ကြပြီး သမ္မတ ဒေါ်နယ် ထရန့်က အဒီအစဉ်ကို လက်ခံဖို့ ဟားမာ့စ်အဖွဲ့ကို သတိပေးထားပါတယ်။
ထရန့်နဲ့အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုတို့ သဘောတူထားတဲ့ အဲဒီ အစီအစဉ်က စစ်ဆင်ရေးတွေ ချက်ချင်း ရပ်တန့်ရေး၊ ဟားမာ့စ်က အသက်ရှင်ကျန်နေသေးတဲ့ ဓားစာခံ ၂၀ ကို လွှတ်ပေးရေး၊ သေဆုံးသွားပြီလို့ ယုံကြည်ရတဲ့ လက်ကျန် ဓားစာခံ နှစ်ဒါဇင်ကျော်ရဲ့ ကြွင်းကျန်ရစ်တဲ့ အစိတ်အပိုင်းတွေကို ၇၂ နာရီအတွင်း ပြန်လည်ပို့ဆောင်ရေးနဲ့ ဖမ်းဆီးခံထားရတဲ့ ဂါဇာ ဒေသခံ ရာပေါင်းများစွာကို ပြန်လွှတ်ပေးရေး အဆိုပြုထားပါတယ်။

အိမ်ဖြူတော်ရဲ့ အချက် ၂၀ ပါဝင်တဲ့ ငြိမ်းချမ်းရေးအစီအစဉ်ကို ဟားမာ့စ် အဖွဲ့ဆီ ပေးပို့ထားပြီဖြစ်တယ်လို့ အပစ်ရပ်ရေး ညှိနှိုင်းမှုတွေနဲ့ နီးစပ်တဲ့ ပါလက်စတိုင်း သတင်းရင်းမြစ် တစ်ခုက ပြောပါတယ်။
အနာဂတ် ဂါဇာအစိုးရအဖွဲ့မှာ ဟားမာ့စ်အဖွဲ့ မပါဝင်ရဘူးလို့ တောင်းဆိုထားပြီး နောက်ပိုင်းမှာ ပါလက်စတိုင်း နိုင်ငံတော် ဖြစ်ပေါ်လာရေး လမ်းဖွင့်ပေးထားပါတယ်။
အိမ်ဖြူတော်မှာ ဆွေးနွေးမှုတွေအပြီး ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ ထရန့်က ဒီအစီအစဉ်ဟာ ငြိမ်းချမ်းရေးအတွက် သမိုင်းဝင်နေ့ တစ်နေ့ ဖြစ်တယ်လို့ ပြောပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်ကို ဟားမာ့စ်အဖွဲ့က သဘောမတူရင် ဟားမာ့စ် အဖွဲ့ အန္တရာယ် မပေးနိုင်အောင် ရှင်းလင်းရေး အစ္စရေးကို အမေရိကန်က ကူညီ ပေးသွားမယ်လို့ ထရန့်က ဝန်ကြီးချုပ် နေတန်ညာဟုကို ပြောထားပါတယ်။
ဟားမာ့စ်အဖွဲ့အနေနဲ့ အခု အစီအစဉ်ကို ပယ်ချရင် ဒါမှမဟုတ် မလိုက်နာရင် အစ္စရေးအနေနဲ့ အဲဒီ အလုပ်ကို ပြီးအောင် လုပ်ဆောင်သွားမယ်လို့ နေတန်ညာဟုက ဆိုတာပါ။
အစ္စရေး သိမ်းပိုက်ထားတဲ့ အနောက်ဖက်ကမ်းခြေဒေသကို အုပ်ချုပ်နေတဲ့ ပါလက်စတိုင်း အာဏာပိုင်အဖွဲ့က အမေရိကန်သမ္မတရဲ့ ကြိုးပမ်းမှုတွေဟာ ရိုးသားပြီး ပြတ်သားမှု ရှိတယ်လို့ ပြောပါတယ်။
ဂါဇာစစ်ပွဲ အဆုံးသတ်ရေး ထရန့်ရဲ့ ဦးဆောင်ကြိုးပမ်းမှုကို ထောက်ခံကြောင်း ယူအေအီး၊ ဆော်ဒီအာရေးဗီးယား၊ ကာတာ၊ အီဂျစ်၊ ဂျော်ဒန်၊ တူရကီ၊ အင်ဒိုနီးရှားနဲ့ ပါကစ္စတန်တို့က ပူးတွဲ ကြေညာချက် တစ်ရပ်မှာ ဖော်ပြထားပါတယ်။
အခု အစီအစဉ်အရ ဂါဇာကို အနောက်ဖက် ကမ်းခြေဒေသနဲ့ ပေါင်းပြီး ပါလက်စတိုင်းနိုင်ငံအဖြစ် တည်ထောင်သွားမှာ ဖြစ်ပါတယ်။
ဥရောပကောင်စီ ဥက္ကဋ္ဌ အန်တိုနီယို ကော်စတာ၊ ဗြိတိန်ဝန်ကြီးချုပ် စတာမာ၊ ပြင်သစ်သမ္မတ မက်ကရွမ်တို့ကလည်း ထရန့်ရဲ့ ဂါဇာ အစီအစဉ်ကို ကြိုဆိုခဲ့ကြပါတယ်။
Ref:BBC