ဝါရှင်တန်၊ စက်တင်ဘာ ၂၉
အကျဉ်းချခံထားရတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး မြန်မာ စစ်ခေါင်းဆောင်တွေကို အမေရိကန်က ဖိအားပေးဖို့ ဒုတိယအကြိမ်အဖြစ် အိမ်ဖြူတော်ရှေ့မှာ စက်တင်ဘာ ၂၇ ရက်က လူအများ ဆန္ဒပြတောင်းဆိုခဲ့ကြပါတယ်။
ထောင်ထဲမှာ နှလုံးရောဂါဒဏ် ခံစားနေရတယ်လို့ ကြားသိရတဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ချက်ချင်း လွှတ်ပေးဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြတာပါ။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေဆိုးရွားနေပြီး ဆေးကုသခွင့်လည်း ကောင်းကောင်းမွန်မွန် မရရှိကြောင်း ကြားသိရတဲ့အတွက် သမ္မတ ဒေါ်နယ်ထရန့်အနေနဲ့ မြန်မာ စစ်ခေါင်းဆောင်တွေကို ဖိအားပေးပေးဖို့ တောင်းဆိုပါကြောင်း Save Myanmar USA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ကိုရင်အေးက ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်နဲ့သမ္မတ ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံး လွတ်မြောက်ရေး ဒေါ်နယ် ထရန့်အနေနဲ့ သူ့မှာ ရှိတဲ့ အာဏာကို သုံးပြီး မြန်မာ စစ်ဗိုလ်ချုပ်တွေကို ဖိအားပေးပေးဖို့ တောင်းဆိုကြောင်း ဆန္ဒပြသူတွေက ပြောပါတယ်။

စစ်တပ် ကျင်းပမယ့် ရွေးကောက်ပွဲကို အမေရိကန်က ကန့်ကွက်ပေးဖို့ အရပ်သားပြည်သူတွေကို သတ်ဖြတ်နေမှု အဆုံးသတ်အောင် လုပ်ဆောင်ပေးဖို့လည်း အမေရိကန်အစိုးရဆီ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
အဲဒီနောက် ဆန္ဒပြသူတွေက ဒေါ်အောင်ဆန်းစုကြည် အတွက် ဆုတောင်း ပေးခဲ့ကြပါတယ်။
အသက် ၈၀ ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ထောင်ထဲမှာ နှလုံးကျန်းမာရေး အခြေအနေ ဆိုးရွားလာနေတယ်လို့ သတင်းထွက်ပေါ်နေပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး ကောင်းမွန်တယ်လို့ စစ်တပ် ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ် ဇော်မင်းထွန်းက အခုလဆန်းပိုင်းက ပြောကြားခဲ့ပေမယ့် အထောက်အထား သို့မဟုတ် သူအသက်ရှင်နေသေးကြောင်း သက်သေပြထားတာ မရှိပါဘူး။
Ref:DVB