မော်လမြိုင် ၊ စက်တင်ဘာ ၂၇

မွန်ပြည်နယ် မော်လမြိုင်ခရိုင်အတွင်း လာရောက်လည်ပတ်မယ့် ရှမ်းပြည်နယ် မှတ်ပုံတင်ဖြစ်တဲ့ ၁၃/ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတွေကို စစ်ကော်မရှင်ရဲ့ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာနက တည်းခို မယ့်နေရာတွေကို ကန့်သတ်လိုက်တယ်လို့ ဟိုတယ်လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်ရဲ့ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာနဟာ အရင်က ၁၃/ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတွေထဲကမှ ကိုးကန့်၊ ဝနဲ့ ပလောင်လူမျိုး ခရီးသွားဧည့်သည်တွေကို တော် ဝင်ဟင်္သာဟိုတယ်နဲ့ ဟောင်သရော မိုတယ်တွေမှာသာ တည်းခိုခွင့်ပြုတာပါ။

ဒါ့အပြင် ကျန်ရှိတဲ့ ၁၃/ နိုင်ငံသားစိစစ်ရေးကတ်ပြား ကိုင်ဆောင်တဲ့ တခြားလူမျိုး ပြည်တွင်း ခရီး သွားဧည့်သည် တွေကိုတော့ မော်လမြိုင်မြို့အတွင်းရှိ မည်သည့် ဟိုတယ်နဲ့တည်းခိုရိပ်သာမဆို တည်းခိုခွင့်ပြုခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

လက်ရှိမှာတော့ ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်း ကော်မတီအစည်းအဝေးရဲ့ ဆုံးဖြတ်ချက်အရဆိုကာ ၁၃/ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူတွေထဲက မည်သည့်လူမျိုးမဆို တော်ဝင်ဟင်္သာဟိုတယ်၊ Mawlamying Strand Hotel နဲ့ ဟောင်သရောမိုတယ်တွေမှာသာ တည်းခိုခွင့်ပြုတော့မှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဟိုတယ် လုပ်ငန်းရှင် တစ်ဦး ကတော့ အခုလို ၁၃/ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်တဲ့သူတွေအတွက် တည်းခိုတဲ့ နေရာ ကန့်သတ်လိုက်တာဟာ စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ်ရဲ့ ညွှန်ကြားချက်ကြောင့်လို့ ပြောပါတယ်။

“ဝန်ကြီးချုပ်ကနေ သူက စစ်ဆေးလို့ လွယ်အောင် ဆိုပြီးတော့မှ သူတို့ စစ်ဆေးတဲ့အဖွဲ့တွေက လူအများကြီး မရှိတဲ့အတွက် ဒီ ၃ စုံပဲ စစ်ဆေးနိုင်အောင် ဆိုပြီးတော့မှ လုပ်ရင် ကောင်းမယ် ဆိုပြီးတော့မှ အမိန့်ချလိုက်တာ ၁၃/ ဟာ အဲဒီ ၃ လုံးမှာပဲ တည်းရမယ် ဆိုပြီးတော့မှ ကျွန်တော်တို့ကို စာထုတ်လိုက်တယ်” လို့ ဆိုပါတယ်။

မွန်ပြည်နယ် စစ်ကော်မရှင်ကတော့ ၁၃/ နိုင်ငံသား စိစစ်ရေးကတ်ပြား ကိုင်ဆောင်သူ မည်သူမဆို စက်တင်ဘာ ၁၇ ရက်နေ့ကစပြီး သတ်မှတ်ထားတဲ့ ဟိုတယ် ၂ လုံးနဲ့ မိုတယ် ၁ လုံးမှာသာ တည်းခိုလို့ရမှာ ဖြစ်ပြီး တခြားဟိုတယ်တွေမှာ တည်းခိုပါက အရေးယူဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဧည့်လမ်းညွှန် တစ်ဦးကတော့ မွန်ပြည်နယ် စစ်ကော်မရှင်က ခရီးသွားကဏ္ဍ ဖွံ့ဖြိုးအောင် လုပ် ဆောင်ခိုင်းပေမယ့် အခုလို ကန့်သတ်လိုက်တဲ့အတွက် ခရီးသွားလာဖို့တောင် မလွယ်ကူတဲ့ အပြင် လုံခြုံမှု မရှိတော့တဲ့အတွက် ခရီးသွားကဏ္ဍ မြှင့်တင်ဖို့ မဖြစ်နိုင်တော့ဘူးလို့ ဝေဖန်ပါတယ်။

“သူတို့လုပ်ချင်တာကတော့ ခရီးသွားဖွံ့ဖြိုးရေးကို လုပ်ချင်တယ်လေ။ ဒါပေမယ့် တစ်ဖက်က လုံခြုံ ရေးကဏ္ဍဆိုပြီးတော့ အဲဒီလိုမျိုးတွေ လုပ်တော့ ဝန်ကြီးဌာနအချင်းချင်းတောင်မှ သူတို့ဘက်က ဟိုတယ်ခရီးဟာ အနိမ့်ဆုံးပဲလေ။ ဒါတွေက သူတို့ဘာမှ မတတ်နိုင်ဘူး ဖြစ်နေတာပေါ့။ ဘယ်လိုပဲ မြှင့်တင် မြှင့်တင် ခရီးသွားလာဖို့ ခရီးသွားလာဖို့ မလွယ်ကူဘူး။ ပုံမှန် ပြည်တွင်းမှာ သွားတဲ့ လူတွေတောင် မလုံခြုံဘူးဆိုရင် ဘယ်လိုလုပ် ခရီးသွားတွေက ဘယ်လို မြှင့်တင်မလဲ။ အရပ်စကား ပြောရမယ်ဆိုရင် အကုန်လုံးကို သူပုန်တွေလို့ သတ်မှတ်ပြီးတော့ ကြည့်နေမယ်။ သူခိုးကြမ်းပိုးတွေလို မြင်နေမယ်ဆိုရင်တော့ အဆင်မပြေဘူးပေါ့နော်”လို့ ဆိုပါတယ်။

အခုလို နိုင်ငံသား အချင်းချင်းကိုတောင် ကန့်သတ်ချက်တွေ ထားရှိပြီး ခရီးသွားလာခွင့် ပြုတာဟာ မဖြစ်သင့်သလို အခုလို ကန့်သတ်ချက်တွေကြောင့် ပြည်တွင်းရော၊ ပြည်ပကပါ ခရီးသွားဝင်ရောက်မှုကို ထိခိုက်စေမှာဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာတော့ မွန်ပြည်နယ် စစ်ကော်မရှင်ဟာ လာမယ့် ပွင့်လင်းရာသီမှာ ခရီးသွား ဝင်ရောက်မှု များပြားစေဖို့အတွက်ဆိုကာ ဟိုတယ်တွေကို ပြင်ဆင်ခိုင်းတာ၊ ခရီးစဉ်အသစ်တွေ ဖော်ဆောင်ခိုင်းတာအပြင် ဒေသတွင်း စည်ကားအောင် လုပ်ဆောင်ဖို့ ညွှန်ကြားမှုတွေ ရှိနေတာပါ။

မော်လမြိုင်ခရိုင်မှာတော့ စစ်ကော်မရှင်က ခရီးသွားတွေကို မြို့ဝင်၊ မြို့ထွက်နဲ့ တည်းခိုတဲ့နေရာတွေအထိ အစစ်အဆေး တင်းကျပ်တာ၊ မထင်ရင် မထင်သလို ဖမ်းဆီးတာတွေကြောင့် ခရီးသွားအများစု လာရောက် လည်ပတ်ဖို့ အတွက်တောင် အခက်အခဲ ရှိနေတာ ဖြစ်တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.