နေပြည်တော် ၊ စက်တင်ဘာ ၂၇

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအင်ကနေ လျှပ်စစ်ဓာတ်အားကို ထုတ်ယူပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် ရည်ရွယ်ထားတာကြောင့် ရုရှားနိုင်ငံအနေနဲ့ ဆက်လက်ကူညီပေးဖို့ စစ်ခေါင်း ဆောင်က မေတ္တာရပ်ခံလိုက်ပါတယ်။

ရုရှားနိုင်ငံ မော်စကိုမြို့မှာ ကျင်းပတဲ့ “ကမ္ဘာ့အဏုမြူသီတင်းပတ်ဖိုရမ် – ၂၀၂၅ ရဲ့ မျက်နှာစုံညီ ထိပ် သီးအစည်းအဝေးမှာ စစ်ကော်မရှင် ဥက္ကဌအဖြစ် တာဝန်ယူထားတဲ့ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က တက်ရောက်ပြောကြားခဲ့တယ်လို့ နိုင်ငံပိုင်ဝါဒဖြန့် သတင်းစာတွေမှာ ဖော်ပြပါတယ်။

မြန်မာနိုင်ငံမှာ အငယ်စားလျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေးအတွက် လိုအပ်တဲ့ နျူကလီးယား အခြေခံအဆောက်အအုံ၊ လူ့စွမ်းအား အရင်းအမြစ်တွေနဲ့ အခြားလိုအပ်တဲ့ လုပ်ငန်းတွေကို ရုရှားနိုင်ငံနဲ့ ROSATOM တို့က တတ်နိုင်သမျှ ဆက်လက်ကူညီပေးဖို့ သူက မေတ္တာရပ်ခံခဲ့တာပါ။

အလားတူ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ IAEA ကလည်း မြန်မာနိုင်ငံရဲ့ နျူက လီးယားစွမ်းအင် အကောင်အထည်ဖော်ရာမှာ လူ့စွမ်းအားဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆက်လက်ကူညီပေးဖို့ကိုလည်း စစ်ခေါင်းဆောင်က တောင်းဆိုခဲ့ပါသေးတယ်။

ဒီအတွက် နျူကလီးယားစွမ်းအင်ဟာ ကာဗွန်ထုတ်လွှတ်မှုနည်းပါးတဲ့ Green Energy ဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအင်ကနေ တည်ငြိမ်တဲ့ လျှပ်စစ်ဓာတ်အားကို ထုတ်ယူပြီး နိုင်ငံစီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်သွားဖို့ ရည်ရွယ်ထားတယ်လို့ သူက အကြောင်းပြပါတယ်။

CDM ဗိုလ်ကြီး ဇင်ယော်က စစ်ခေါင်းဆောင်အနေနဲ့ ဘယ်လိုအခြေအနေဖြစ်ဖြစ် သူအုပ်စိုးတဲ့ သက်တမ်းနဲ့ အလွန်မှာ နျူကလီးယားဓာတ်အား‌ပေးစက်ရုံပိုင်ဆိုင်ဖို့ လုပ်မှာဖြစ်လို့ ရုရှားကလည်း မြန်မာပြည်ကနေ ကုပ်သွေးစုပ်သွားနိုင်စရာတွေ အများကြီးရှိတယ်လို့ သုံးသပ်ပါတယ်။

“နျူကလီးယားကိစ္စကို သူ့ရဲ့ (စစ်ခေါင်းဆောင်) သက်တမ်း နောင်လာမယ့် စတုတ္တမျိုးဆက်အလွန် စစ်တပ်ကြီးနဲ့ သူအုပ်စိုးနိုင်ရမယ့် သူ့ရဲ့ သက်တမ်းကာလအတွင်းမှာ နျူကလီးယားဓာတ်အားပေးစက်ရုံ ပိုင်ဆိုင်သွားအောင်တော့ သူ့အနေနဲ့ ဘာပဲဖြစ်ဖြစ် လုပ်မှာပဲ။ စစ်ဖြစ်နေတာလည်း နားမလည်ဘူး။ မြေအောက်မှာ ငလျင်ကြောတွေ ရှိနေတာလည်း နားမလည်ဘူး။ ရုရှားကလည်း ပိုက်ဆံရရင် ပြီးရော လုပ်မှာပဲလေ။ ကျန်တဲ့ အကျိုးရော အမြတ်ရော သူ (ရုရှား) နှစ်ခုလုံးရမယ်။ နည်းပညာအတွက် သူ့နိုင်ငံက အလုပ်အကိုင် အခွင့်အလမ်းရသလို တခြား မြန်မာပြည်ကနေ ကုပ်သွေးစုပ်သွားနိုင်စရာတွေ အများကြီးရှိတယ်”လို့ ဆိုပါတယ်။

စစ်ခေါင်းဆောင်ကတော့ မြန်မာနိုင်ငံအနေနဲ့ လျှပ်စစ်စွမ်းအား လိုအပ်ချက် မြင့်မားနေပြီး အသေးစားစက်မှုလုပ်ငန်းတွေနဲ့ ကျေးလက်နေပြည်သူတွေအတွက် လျှပ်စစ်ဓာတ်အား ဖြည့်တင်းပေးနိုင်ရေး ကြိုးပမ်းလုပ်ဆောင်နေတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နျူကလီးယားနည်းပညာနဲ့ ကျန်းမာရေး၊ စိုက်ပျိုးရေးနဲ့ စက်မှုကဏ္ဍတွေမှာ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်သွားမယ်လို့ ထိပ်သီးအစည်းအဝေးမှာ ထည့်သွင်း ပြောဆိုခဲ့တာပါ။

ကနဦးခြေလှမ်းအဖြစ် အငယ်စားနျူကလီးယား လျှပ်စစ်ဓာတ်အားပေးစက်ရုံ တည်ဆောက်နိုင်ရေး ROSATOM နဲ့ နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်နေပြီး လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေနဲ့ အခြားကဏ္ဍပေါင်းစုံတိုးချဲ့ နိုင်ရေး ရုရှားနဲ့ ပူးပေါင်းဖို့ ဆန္ဒရှိတယ်လို့ ဆိုပါတယ်။

IAEA အဖွဲ့ဝင်နိုင်ငံအဖြစ် နျူကလီးယားနယ်ပယ်တွေ မြန်မာနိုင်ငံတွင်းမှာ အသုံးပြုနိုင်ရေး နှစ်ပေါင်းများစွာ ကြိုးစားခဲ့ပေမဲ့ ၂၀၂၂ ခုနှစ်ကစပြီး ရုရှားရဲ့ ပူးပေါင်းပေးမှုတွေကြောင့် တိုးတက်မှုတွေ သိသာစွာ ရရှိခဲ့ပြီးလို့ စစ်ခေါင်းဆောင်က ပြောပါတယ်။

မြန်မာနိုင်ငံအနေနဲ့ နျူကလီးယားစွမ်းအင်အစီအစဉ် အကောင်အထည်ဖော်ရာမှာ လုပ်ငန်းမှတ်တိုင် ၃ ခု၊ လုပ်ငန်းအဆင့် ၃ ခုတို့နဲ့ အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ IAEA ရဲ့ လမ်းညွှန်ချက်တွေနဲ့အညီ ROSATOM ရဲ့ Timeline အတိုင်း ဆောင်ရွက်နေတယ်လို့ သူက ဆိုပါတယ်။

ဗိုလ်ကြီးဇင်ယော်ကတော့ နျူကလီးယားစွမ်းအင်နဲ့ ပတ်သက်ပြီး ရုရှားအတွက် အကျိုးရှိပေမယ့် မြန်မာပြည်အတွက် စစ်တပ်က ဦးစီးလုပ်ဆောင်တာဖြစ်လို့ အန္တရာယ်အတော်များမယ်လို့ ဝေဖန်ထောက်ပြပါတယ်။

“မြန်မာပြည်အတွက် နျူကလီးယားဟာ ကြောက်စရာကြီး ဘာဖြစ်လို့လဲဆိုတော့ စစ်တပ်က ဦးစီးပြီး လုပ်မယ့်ဟာက ပိုပြီး ဆိုးပါတယ်။ ဘာလို့လဲဆို စစ်တပ်မှာ စကားပုံရှိတယ်။ ဓားပေးရင် လွှဖြစ်တယ်။ လွှပေးရင် ဓားဖြစ်သွားတယ်။ ဒါက ကိစ္စမရှိသေးဘူး။ ဒီနျူကလီးယားဓာတ်ပေါင်းဖိုက အန္တရာယ်တော်တော်များတယ်။ သူတို့ (စစ်အုပ်စု) မကြောက်မလန့် နေပြည်တော် အနီးတဝိုက်မှာပဲ လုပ်လည်း လုပ်ပေါ့။ ဘယ်နေရာလုပ်မလဲဆိုတာ မထုတ်ပြန်သေးဘူးပေါ့။ ကျွန်တော်တော့ ထင်တယ်။နေပြည်တော် ပတ်ချာလည် တစ်ဝိုက်မှာပဲ လုပ်လိမ့်မယ်လို့ ကျွန်တော်တို့ကတော့ ခန့်မှန်းပါတယ်ဗျ”လို့ ဆိုပါတယ်။

မြန်မာနိုင်ငံမှာ ၁၁၀ မီဂါဝပ်အားရှိတဲ့ နျူကလီးယားဓာတ်အားပေးစက်ရုံတည်ဆောက်ဖို့ ရုရှားအစိုးရရဲ့ နျူကလီးယားကော်ပိုရေးရှင်း ROSATOM နဲ့ စစ်ကော်မရှင်တို့ကြား ၂၀၂၅ ခုနှစ် မတ်လမှာ သဘောတူစာချုပ်လက်မှတ်ရေးထိုးထားတာပါ။

ဒါပေမယ့် လက်ရှိ ပြည်တွင်းစစ်ဖြစ်နေတဲ့ မြန်မာနိုင်ငံရဲ့ ဘယ်နေရာဒေသမှာ စက်ရုံ တည်ဆောက်သွားမယ်ဆိုတာကိုတော့ နှစ်နိုင်ငံဘက်က တရားဝင် သတင်းထုတ်ပြန်တာမရှိသလို ထုတ်ပြောထားတာလည်း မရှိသေးပါဘူး။

တစ်ဘက်မှာ တနင်္သာရီတိုင်းက ထားဝယ်အထူးစီးပွားရေးဇုန်ကို အဆင့်မြှင့်တင်နိုင်ရေး ရေနက်ဆိပ်ကမ်းနဲ့ ရေနံချက်စက်ရုံတည်ဆောက်ခြင်းအပါအဝင် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ စာချုပ် ၉ ခုကို အခုနှစ် ဖေဖော်ဝါရီမှာ ရုရှားနဲ့ စစ်ကော်မရှင်တို့ သဘောတူလက်မှတ်ရေးထိုးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.