တနင်္သာရီ၊ စက်တင်ဘာလ ၂၇

တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် ပဝပ်ကျေးရွာအုပ်စုမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဖွဲ့ဝင် ၇ ဦးသေဆုံးခဲ့ပြီး ၈ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ကရင်အမျိုးသားအစည်း အရုံး (KNU) မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၇ ရက်နေ့ မနက် ၆ နာရီအချိန်ခန့်မှာ သိန်ခွန်းကျေးရွာဘက်ကို စစ်ကူလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၄ လက်အောက်ခံ တပ်ရင်း (၁၁) ဦးဆောင်တဲ့ တော်လှန်ရေးအင်အားစုတွေ ပူးပေါင်းတပ်တွေကြား ရှမ်းအင်းတော်ကျေး ရွာအနီးမှာ နှစ်ဖက်ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။

အဲဒီတိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်သား ၇ ဦးသေဆုံးခဲ့ပြီး ၈ ဦးထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။

အလားတူ ပြီးခဲ့တဲ့ရက်ပိုင်းကလည်း မြိတ်ဘက်မှ တနင်္သာရီမြို့နယ်ဘက်ကို မောင်းနှင်လာတဲ့ စစ်ကော်မရှင်ရဲ့ ရိက္ခာကားနှစ်စီးကို တော်လှန်ရေးတပ်ဖွဲ့တွေက ရမ်းဖိုကျေးရွာ တံတားကြီးအနီးမှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်ကော်မရှင်တပ်ဟာ ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကစပြီး တနင်္သာရီ မောတောင်နယ်စပ်လမ်းပိုင်းကို ပြန်လည်ထိန်းချုပ်ဖို့အတွက် အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးဝင်ရောက်လာခဲ့ရာ လက်ရှိအချိန်ထိ ရှေ့ဆက်မတိုးနိုင်ဘဲ သိန်ခွန်းကျေးရွာအနီးတဝိုက်မှာ ရှိနေတယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.