ဘားအံ၊ စက်တင်ဘာ ၂၇

အာဏာသိမ်းစစ်တပ်ဟာ ဖက်ဆစ်စစ်တပ်ပီပီ ပြည်သူလူထုတစ်ရပ်လုံးအပေါ် ရာဇဝတ်မှု ကျူးလွန်တဲ့တပ် ဖြစ်ပြီး ရှေ့တန်းစစ်မျက်နှာမှာလည်း အဓမ္မစုဆောင်းထားတဲ့ စစ်သည်တွေကို အသိစိတ်ကင်းမဲ့အောင် မူးယစ်ဆေးဝါးတွေ တိုက်ကြွေးနေတယ်လို့ KNLA ဗဟိုစစ်ဌာနချုပ်က စက်တင်ဘာ ၂၆ ရက်နေ့မှာ ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

မင်းအောင်လှိုင်သွားနေတဲ့ နိုင်ငံရေးအခင်းအကျင်းနဲ့ ဖောက်ပြန်တဲ့စနစ်ဟာ ပြည်သူလူထုတစ်ရပ်လုံးကို ထာဝရကျွန်ပြုရေးဖြစ်ပြီး သူဟာ သူ့ရဲ့ အကျိုးစီးပွားအတွက်နဲ့ ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကို ပြည်သူက တရားဥပဒေနဲ့အညီ ဒဏ်ခတ်မှုကနေ ရှောင်ရှားဖို့ စစ်တပ်နဲ့ ကာကွယ်ထားတယ်လို့ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ဗဟိုစစ်ဌာနချုပ်က ဆိုပါတယ်။

စစ်တပ်ဟာ ဖက်ဆစ်စစ်တပ်ပီပီ စစ်တပ်တွင်း ပြုန်းတီးအင်အားများပြားတာတွေကြောင့် ပြည်သူ့ စစ်မှုထမ်း ဥပဒေကို ထုတ်ပြန်ပြီး အတင်းအဓမ္မစစ်သားစုဆောင်းကာ ဖြည့်တင်းနေရတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒါ့အပြင် စစ်သားတွေနဲ့ မိသားစုဝင်တွေကိုလည်း ပုံစံမျိုးစုံ အကြပ်ကိုင်အရေးယူတာ၊ ခြိမ်းခြောက်တာ၊ ဝါဒမှိုင်းတိုက်တာတွေ တစိုက်မတ်မတ် လုပ်ဆောင်လျက်ရှိသလို ရှေ့တန်းစစ်မျက်နှာမှာလည်း အဓမ္မစုဆောင်းထားတဲ့ စစ်သည်တွေကို အသိစိတ်ကင်းမဲ့အောင် မူးယစ်ဆေးဝါးတွေ တိုက်ကြွေးပြီး သက်ရှိစည်းရိုးအနေနဲ့ ခံကတုတ်လုပ်နေတယ်လို့ ဖော်ပြပါတယ်။

မင်းအောင်လှိုင်ရဲ့ လုပ်ရပ်ဟာ ပြည်သူလူထုသားသမီးရဲ့ အသက်တစ်ချောင်းကို ခြံစည်းရိုးတိုင်တစ် ချောင်းလောက်တောင် တန်ဖိုးမထားဘဲ လူသားဒိုင်းအဖြစ် တစ်နိုင်ငံလုံး ကျယ်ကျယ်ပြန့်ပြန့် အသုံး ချနေကြောင်း KNLA ဗဟိုစစ်ဌာနချုပ်က အသိပေးပြောကြားလိုက်ပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေတဲ့ လေးကေကော်မြို့အပါအဝင် ကြာအင်းဆိပ်ကြီးတိုက်ပွဲ၊ ကျုံဒိုးတိုက်ပွဲတွေမှာ စစ်ကော်မရှင်တပ်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သားသစ်တွေကို အများအပြား အသုံးပြုနေပြီး စစ်မှုထမ်းဆင်း တပ်သားသစ်တွေကို မူးယစ်ဆေးပေးသုံးကာ ရှေ့ဆုံးကနေ အသေခံခိုင်းပြီး တိုက်ခိုင်းနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

လေးကေကော်မြို့တိုက်ပွဲမှာ စစ်ကော်မရှင်တပ်ဘက်က ပြည်သူ့စစ်မှုထမ်းသင်တန်းဆင်း တပ်သား သစ်တွေဟာ တိုက်ပွဲကာလ တစ်ပတ်နီးပါးအတွင်း KNLA တော်လှန်ရေးပူးပေါင်းတပ်တို့ရဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အစုလိုက်အပုံလိုက် သေဆုံးနေတယ်လို့ တော်လှန်ရေးသတင်းရင်းမြစ်တွေရဲ့ ပြောဆိုချက်အရ သိရပါတယ်။

လေးကေကော်မြို့ကို ပြန်ရရှိဖို့အတွက် စစ်ကော်မရှင်တပ်ဟာ လက်နက်ကြီး လေကြောင်းနဲ့ ဒရုန်းပစ်ကူကိုအသုံးပြုပြီး မြေပြင်ကနေလည်း အင်အားရာချီ စစ်ကြောင်းထိုးအသုံးပြုတိုက်ခိုက်နေတာ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-KNLA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.