ရေး၊ စက်တင်ဘာ ၂၇
မွန်ပြည်နယ် ရေးမြို့နယ်အတွင်းရှိ ကျေးရွာတွေကို စစ်ကြောင်းပတ်ထိုးနေတဲ့ စစ်ကော်မရှင်တပ်ဟာ ဒေသခံ ၃၀ ကျော်ကို လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်ထားတယ်လို့ တော်လှန်ရေးတပ်ဖွဲ့ တာဝန်ရှိသူတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အင်အား ၃၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ် စစ်ကြောင်း သုံးကြောင်းဟာ စက်တင်ဘာ ၂၅ ရက်နေ့ကစလို့ ရေးမြို့နယ် ကျောင်းရွာကနေ အဒိန်း၊ဝယ်ဟိုင်း၊ကွင်းရှည်၊စုံပဒေါက်၊တောင်စွန်းရွာသစ်နဲ့ ရွာကလေး ကျေးရွာတို့ကို စစ်ကြောင်းထိုးနေတာ ဖြစ်ပါတယ်။
အဲဒီစစ်ကြောင်းဟာ အဒိန်းနဲ့ဝယ်ဟိုင်းကျေးရွာက ဥယျာဉ်ခြံတွေမှာ နေထိုင်တဲ့ အမျိုးသား၊အမျိုး သမီး ၃၀ ကျော်ကို ဖမ်းဆီးခေါ်ဆောင်သွားပြီး ရိုက်နှက်ညှဉ်းပန်းနှိပ်စက်မှုတွေလည်း ရှိနေတယ်လို့ ရေးဘီလူးအဖွဲ့ ခေါင်းဆောင်က ပြောပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်း ဖမ်းဆီးထားတဲ့ ဒေသခံ ၃၀ ကျော်ကို စက်တင်ဘာ ၂၆ ရက်နေ့အထိ ပြန်မလွှတ်ပေးသေးဘဲ တောင်စွန်းရွာသစ်ဘက်ကို စစ်ကြောင်းနဲ့အတူ ခေါ်ဆောင်သွားတယ်လို့ ဆိုပါတယ်။
စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးနေပေမယ့် လက်ရှိအချိန်ထိ တော်လှန်ရေးမဟာမိတ်ပူးပေါင်းတပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွားနေတာ မရှိသေးပါဘူး။
တဖက်မှာလည်း အင်အား ၁၀၀ ကျော်ပါတဲ့ စစ်ကော်မရှင်တပ်ဟာ ကျောင်းရွာနဲ့ရေးလမ်းပိုင်းတွေမှာ ကင်းပုန်းချပြီး ပိတ်ဆို့စစ်ဆေးမှုတွေ လုပ်ဆောင်နေတယ်လို့ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ပြောပြချက်အရ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ