ကုလသမဂ္ဂ၊ စက်တင်ဘာ ၂၆

နေတိုးအဖွဲ့နဲ့အီးယူတို့ဟာ ယူကရိန်းကို အသုံးချပြီး မိမိတို့နိုင်ငံကို အမှန်တကယ် စစ်ပွဲဆင်နွှဲနေတယ်လို့ ရုရှား ထိပ်တန်းသံတမန်က စက်တင်ဘာ ၂၅ ရက် ကုလသမဂ္ဂသို့ ပြောကြားတဲ့ မိန့်ခွန်းအတွင်း စွပ်စွဲထားပါတယ်။

ဒါဟာ လိုရာဆွဲပြီး စိတ်ကူးယဉ်အမှား ပြောဆိုမှု ဖြစ်တယ်လို့ ဗြိတိန်က ပယ်ချထားပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်က ယူကရိန်းရဲ့ စစ်ပွဲအားထုတ်မှုတွေကို ချီးကျူးပြီး ရုရှားကို ပြင်းပြင်းထန်ထန် ဆက်ဆံသွားမှာ ဖြစ်ကြောင်း အချက်ပြလိုက်ပြီးနောက် နှစ်ရက်အကြာ ကုလသမဂ္ဂမှာ ပြုလုပ်တဲ့ ဂျီ-၂၀ အဖွဲ့ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးမှာ သူက အခုလိုမျိုး ပြောကြားခဲ့တာ ဖြစ်ပါတယ်။

နေတိုးမဟာမိတ်တွေအနေနဲ့ သူတို့ရဲ့ လေပိုင်နက်ထဲ ဝင်ရောက်လာတဲ့ ရုရှား တိုက်လေယာဉ်တွေကို ပစ်ချသင့်တယ်လို့လည်း ဒေါ်နယ် ထရန့်က ပြောပါတယ်။

ပိုလန် လေပိုင်နက်ထဲမှာ ရုရှား ဒရုန်းတွေကို နေတိုးအဖွဲ့ တိုက်လေယာဉ်တွေက ပစ်ချခဲ့ပြီး တစ်ပတ်အကြာ အက်စတိုးနီးယားက သူတို့ရဲ့ လေပိုင်နက်ထဲ ရုရှား တိုက်လေယာဉ် ၃ စီး ချိုးဖောက် ဝင်ရောက်ခဲ့တယ်လို့ စွပ်စွဲထားချိန် နေတိုးအဖွဲ့ရဲ့ အရှေ့ပိုင်း မျက်နှာစာမှာ တင်းမာမှုတွေ မြင့်တက်နေပါတယ်။

ယူကရိန်းမှာ ဖြစ်ပွားနေတဲ့ ပြဿနာဟာ အနောက်တိုင်းက ရန်စလို့ ဖြစ်လာတာ ဖြစ်ကြောင်း နေတိုးနဲ့ အီးယူက မိမိတို့နိုင်ငံအပေါ် စစ်ကြေညာထားပြီး ဖြစ်သလို စစ်ပွဲမှာ တိုက်ရိုက် ပါဝင်နေတယ်လို့ ရုရှား နိုင်ငံခြားရေးဝန်ကြီး ဆာဂျီ လက်ဗရော့က ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီးအဖြစ် နှစ်ပေါင်း ၂၀ ကျော် အတွေ့အကြုံရှိသူ လက်ဗရော့ဟာ အရင်ကလည်း အလားတူ စွပ်စွဲမှုမျိုး ပြုလုပ်ခဲ့ဖူးပေမယ့် အခုလို ဂျီ-၂၀ ဝန်ကြီးတွေရှေ့မှာ ပြောဆိုတာက အခြေအနေ ပြင်းထန်ကြောင်းကို ဖော်ပြနေတာ ဖြစ်ပါတယ်။

စစ်ပွဲဖြစ်စေတဲ့ အကြောင်းရင်းတွေနဲ့ ပတ်သက်လို့ ရုရှား ကိုယ်စားလှယ်က မှားယွင်းစွာ ပြောဆိုနေပြီး ဝါဒဖြန့်နေတယ်လို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီး ကူးပါးက တုံ့ပြန်ထားပါတယ်။

ယူကရိန်းကို အင်အားအပြည့်နဲ့ ကျူးကျော် တိုက်ခိုက်ပြီး သုံးနှစ်ခွဲအကြာမှာ ရုရှားဟာ ယူကရိန်း နယ်မြေ ၂၀ ရာခိုင်နှုန်းလောက်ကို သိမ်းယူထားနိုင်ပြီး အရှေ့ပိုင်းမှာ တိုက်ပွဲတွေ ပြင်းထန်နေပါတယ်။

စစ်ပွဲ အဆုံးသတ်ရေး ကရင်မလင်အပေါ် ဖိအားပေးကြဖို့ အီးယူ နိုင်ငံခြားရေး မူဝါဒ အကြီးအကဲ ကာဂျာ ကောလာ့စ်က နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.