သည်ဟေ့ဂ်၊ ဝါရှင်တန်၊ စက်တင်ဘာ ၂၃

အစ္စရေး စစ်ရာဇဝတ်မှု သံသယရှိသူတွေအပေါ် စုံစမ်းစစ်ဆေးမှုတွေ အတွက် လက်စားချေတဲ့အနေနဲ့ အမေရိကန်က နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC တစ်ခုလုံးကို အခုသီတင်းပတ် အစောဆုံး ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ စဉ်စားနေတာကြောင့် တရားရုံးရဲ့ နေစဉ်နဲ့အမျှ လုပ်ငန်းစဉ်တွေကို အချည်းနှီး ဖြစ်သွားစေနိုင်ပါတယ်။

ဝါရှင်တန်က ICC တရားရုံး ရှေ့နေတွေနဲ့ တရားသူကြီးတွေကို ပစ်မှတ်ထားတဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ထားပြီး ဖြစ်ပေမယ့် တရားရုံးတစ်ခုလုံးကို ဒဏ်ခတ်ပိတ်ဆို့တာက ကြီးကြီးမားမား အရှိန်မြှင့်တင်မှု တစ်ခု ဖြစ်လာမှာ ဖြစ်ပါတယ်။

လူသိရှင်ကြား မကြေညာရသေးဘဲ အတိမ်းအစောင်း မခံနိုင်တဲ့ သံတမန်ရေးကိစ္စ ဖြစ်တာကြောင့် အမည်မဖော်ဘဲ ပြောကြားတဲ့ သတင်းရင်းမြစ် သုံးခုက တရားရုံး တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့ကြောင်း ဆုံးဖြတ်ချက် မကြာခင် ထွက်ပေါ်လာဖွယ်ရှိတယ်လို့ ပြောပါတယ်။

အားလုံးပါဝင်တဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေရဲ့ သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ တရားရုံး အရာရှိတွေက အရေးပေါ်အစည်းအဝေး ကျင်းပပြီး ဆွေးနွေးထားပြီး ဖြစ်တယ်လို့ သတင်းရင်းမြစ်တစ်ခုက ပြောပါတယ်။

တရားရုံး အဖွဲ့ဝင်နိုင်ငံတွေရဲ့ သံတမန်တွေနဲ့ ဆွေးနွေးမှုတွေလည်း ပြုလုပ်ထားတယ်လို့ သတင်းရင်းမြစ် နှစ်ခုက ဆိုပါတယ်။

ICC တရားရုံး တစ်ခုလုံးအပေါ် ဒဏ်ခတ်ပိတ်ဆို့ရေး ချိန်ထိုးစဉ်းစားနေကြောင်း အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေ တစ်ဦးကလည်း ပြောကြားပေမယ့် ဘယ်အချိန်မှာ ဆုံးဖြတ်မယ် ဆိုတာကိုတော့ အသေးစိတ် မပြောပါဘူး။

ICCက မိမိတို့ရဲ့ အမျိုးသား အကျိုးစီးပွားများကို ဆက်လက် ခြိမ်းခြောက်နေမယ်ဆိုရင် အမေရိကန်အနေနဲ့ မိမိတို့ရဲ့ ရဲရင့်တဲ့ ဝန်ထမ်းတွေကို ကာကွယ်ရေး နောက်ထပ် အရေးယူဆောင်ရွက်မှုတွေ လုပ်ဆောင်ရမှာ ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက အရင်က ပြောဆိုခဲ့ဖူးပါတယ်။

တရားရုံး တစ်ခုလုံး ဒဏ်ခတ်ပိတ်ဆို့ခံရရင် ရုံးဝန်ထမ်းတွေကို လစာပေးရေး၊ ဘဏ်အကောင့် အသုံးပြုခွင့်နဲ့ တရားရုံးရဲ့ ကွန်ပြူတာတွေမှာ တပ်ဆင်ထားတဲ့ ဆော့ဖ်ဝဲလ်များ အသုံးပြုမှု အားလုံး ထိခိုက်လာနိုင်ပါတယ်။

ဖြစ်လာနိုင်ခြေရှိတဲ့ ထိခိုက်နစ်နာမှုတွေ လျော့နည်းစေရေး ICC ဝန်ထမ်းတွေရဲ့ ၂၀၂၅ ခုနှစ် လက်ကျန်လတွေအတွက် လစာတွေကို ကြိုထုတ်ပေးထားတယ်လို့ သတင်းရင်းမြစ် သုံးခုက ပြောပါတယ်။

တရားရုံးက ဂါဇာကမ်းမြောင်ဒေသမှာ ကျူးလွန်ထားတဲ့ စစ်ရာဇဝတ်မှုတွေအတွက် အစ္စရေးဝန်ကြီးချုပ် နေတန်ညာဟုနဲ့ ကာကွယ်ရေးဝန်ကြီးဟောင်း ဂေါလန့်အပြင် ဟားမာ့စ်အဖွဲ့ အရာရှိတွေကို စွဲချက် တင်ထားပါတယ်။

ICC အဖွဲ့ဝင် ၁၂၅ နိုင်ငံအနေနဲ့ အမေရိကန်ရဲ့ နောက်ထပ် ဒဏ်ခတ်ပိတ်ဆို့မှုတွေကို တားဆီးရေး အခု သီတင်းပတ် နယူးယောက်မှာ ကျင်းပနေတဲ့ကုလသမဂ္ဂ အထွေထွေညီလာခံမှာ ကြိုးပမ်းသွားမယ်လို့ သံတမန်ရေး သတင်းရင်းမြစ် သုံးခုက ထုတ်ပြောထားပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.