သံဖြူဇရပ်၊ စက်တင်ဘာ ၂၃
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ဝင်းစိန်ကျေးရွာအနီး ရော်ဘာခြံတစ်ခုမှာ နေထိုင်တဲ့ လင်မယားနှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၂၂ ရက်နေ့ မနက် ၇ နာရီအချိန်ခန့်က ရော်ဘာခြံမှာ သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးနေတဲ့ ဝင်းစိန်ကျေးရွာနေ အသက် ၃၅ နှစ်အရွယ်ကိုအောင်သက်မွန်နဲ့ မိစိုက်နွန်တို့ လင်မယားနှစ်ဦးကို မိသားစုဝင်တွေက သေဆုံးလျက် ပြန်လည်တွေ့ရှိခဲ့တာပါ။
အလောင်းပြန်လည် တွေ့ရှိစဉ် ကိုအောင်သက်မွန်ဟာ ရင်ဘတ်မှာ ကျည်ဖောက်ဝင်ဒဏ်ရာ သုံးချက်၊ ဇနီးဖြစ်သူ မိစိုက်နွန်ဟာ ရင်သားကျည်ဖောက်ဝင် ဒဏ်ရာ နှစ်ချက်နဲ့ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သေဆုံးသွားတဲ့ လင်မယားနှစ်ဦးရဲ့ ရုပ်အလောင်းကို လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သံဖြူဇရပ်မြို့နယ် ပြည်သူ့ဆေးရုံထံ ပို့ဆောင်ပေးခဲ့ပြီး ဒီကနေ စက်တင်ဘာ ၂၃ ရက်နေ့မှာ မီးသင်္ဂြိုဟ်မယ်လို့ သိရပါတယ်။
သံဖြူဇရပ်မြို့နယ် ဝင်းစိန်ကျေးရွာဟာ စစ်ကော်မရှင်တပ်အပြင် တော်လှန်ရေးတပ်ဖွဲ့တွေကလည်း စစ်ရေးလှုပ်ရှားတာတွေ ရှိပြီး ဒီပစ်ခတ်မှုဟာ လက်သည်မပေါ်တဲ့ အခြေအနေမှာ ရှိနေပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့ကလည်း သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာနဲ့ လင်းမသာကျေးရွာသားလမ်းပေါ်မှာ ရွာစဉ်လှည့်ဈေးရောင်းတဲ့ လင်မယား နှစ်ဦး ပစ်သတ်ခံရသေးတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – Social Media