လေးကေကော်၊ စက်တင်ဘာ ၂၃
ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်မှာရှိတဲ့ လေးကေကော်မြို့သစ်ကို ပြန်သိမ်းယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က အင်အားရာချီအသုံးပြုကာ ထိုးစစ်ဆင်နေပြီး လက်နက်ကြီးတွေနဲ့ ပစ်ခတ်မှုတွေ အဆက်မပြတ် ပြုလုပ်နေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
KNU သိမ်းယူထားတဲ့ လေးကေကော်မြို့သစ်ကို ပြန်သိမ်းယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့အခြေစိုက် ခလရ ၂၇၅ တပ်ရင်းကနေတစ်ဆင့် မေတ္တာလင်းမြိုင်ဘက်ကို တပ်အင်အားတွေ ပို့ဆောင်စုဖွဲ့ခဲ့ပြီး လေးကေကော်မြို့နဲ့ ပတ်ဝန်းကျင်အနီးအနားနေရာတွေထဲကို လေကြောင်း၊ လက် နက်ကြီး၊ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်နေခဲ့တာပါ။
စက်တင်ဘာ ၂၁ ရက်နေ့က စစ်ကော်မရှင်တပ်စစ်ကြောင်းတစ်ကြောင်းက မေတ္တာလင်းမြိုင်ကနေတစ်ဆင့် လေးကေကော်မြို့သစ်အနီးကို ရောက်ရှိလာပါတယ်။
စက်တင်ဘာ ၂၂ ရက်နေ့မှာတော့ စစ်ကော်မရှင်တပ်က မြဝတီ ခလရ ၂၇၅ ကနေ လေးကေကော်မြို့ထဲကို လက်နက်ကြီးတွေနဲ့ အဆက်မပြတ် ပစ်ခတ်နေတဲ့အပြင် မြေပြင်ကနေလည်း စစ်ကြောင်းထိုးလာနေတယ်လို့ ဒေသတွင်းသတင်းရင်းမြစ်က ဆိုပါတယ်။
စစ်ကော်မရှင်တပ်စစ်ကြောင်းမှာ တပ်မ ၂၂ တပ်မ ၅၅ စတဲ့ တပ်မတွေပါဝင်ပြီး အင်အား ၅၀၀ ထက်မနည်း စစ်ကြောင်းထိုးလာနေတာဖြစ်ပြီး စက်တင်ဘာ ၂၂ ရက်နေ့ မွန်းလွဲပိုင်းအထိ မေတ္တာလင်းမြိုင်နဲ့ လေးကေကော်ကြားမှာ ရောက်ရှိနေပြီး စစ်ကော်မရှင်တပ်ရဲ့ လေယာဉ်ကလည်း ပျံဝဲထောက် လှမ်းမှုတွေ လုပ်ဆောင်နေတယ်လို့ သတင်းရင်းမြစ်တွေဆီကနေ သိရပါတယ်။
စစ်ကော်မရှင်တပ်ရဲ့ လေးကေကော် ထိုးစစ်ကြောင့် လေးကေကော်မြို့အပါအဝင် မယ်ဝါးခီး၊ ဖလူး၊ ပဟီးကလော် စတဲ့ ကျေးရွာတွေက ဒေသခံတွေဟာ ထွက်ပြေးတိမ်းရှောင်နေခဲ့ရပြီး စစ်ဘေးရှောင်ပြည်သူတွေဟာ နေထိုင်ဖို့ အမိုးအကာ၊ စားနပ်ရိက္ခာ၊ သောက်ရေသန့်၊ ဆေးဝါး စတာတွေ လိုအပ်နေတယ်လို့ ကူညီဆောင်ရွက်ပေးနေသူတွေဆီကနေ သိရှိရပါတယ်။
လေးကေကော်မြို့သစ်ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် အောက်တိုဘာလအတွင်းက KNLA PDF ပူးပေါင်းစစ်ကြောင်းတို့က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ပြီး ၁ နှစ်အကြာမှာတော့ မြို့ကို ပြန်သိမ်းယူနိုင်ဖို့ရာအတွက် စစ်ကော်မရှင်တပ်က ထိုးစစ်ဆင်တိုက်ခိုက်လာခဲ့တာဖြစ်ပါတယ်။
စစ်ကော်မရှင်တပ်ဟာ မြဝတီမြို့နယ်၊ သင်္ဃန်းညီနောင်အခြေချစစ်ဗျူဟာကို စက်တင်ဘာ ၆ ရက်နေ့က ပြန်လည်သိမ်းယူခဲ့ပြီးတဲ့နောက် ဆက်လက်ထိုးစစ်ဆင်ခဲ့ရာ မြဝတီမြို့နားမှာရှိတဲ့ လက်ခတ်တောင်ကိုလည်း ပြန်လည်သိမ်းပိုက်နိုင်ခဲ့ပါတယ်။
ဒါ့အပြင် လေးကေကော်မြိုကို ပြန်သိမ်းယူခဲ့ပြီးပါက လေးကေကော် မြဝတီကနေတစ်ဆင့် မြဝတီ-ဝေါ်လေ လမ်းပိုင်းတလျှောက်မှာရှိတဲ့ တပ်စခန်းတွေကို ပြန်သိမ်းယူနိုင်ဖို့အတွက် စစ်ကော်မရှင်တပ်က ဆက်လက်ထိုးစစ်ဆင်သွားမှာဖြစ်တယ်လို့ ဒေသတွင်းစစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်မှုတွေလည်း ရှိနေပါတယ်။
စစ်ကော်မရှင်တပ်ဟာ လေးကေကော်မြို့ကို ထိုးစစ်ဆင်နေသလို KNU ဒူးပလာယာခရိုင် တပ်မဟာ ၆ နယ်မြေထဲက ကျိုက်မရော-ကြာအင်းဆိပ်ကြီးလမ်းပိုင်းနဲ့ ကော့ကရိတ်-ကြာအင်းဆိပ်ကြီးလမ်းပိုင်းတွေမှာလည်း စစ်ကြောင်းထိုးနေတဲ့အတွက် KNLA တော်လှန်ရေးအင်အားစုတွေနဲ့ တိုက်ပွဲတွေ ဆက်ဖြစ်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media