လောင်းလုံး၊ စက်တင်ဘာ ၂၃
တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ရာဟောင်းဝကျေးရွာအနီး စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် စစ်ကော်မရှင်တပ်ဖွဲ့ဝင်လေးဦး သေဆုံးခဲ့ပြီးသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံက သိရပါတယ်။
အင်အား ၁၀၀ ဝန်းကျင်နဲ့ ထားဝယ်မြို့ကနေ လောင်းလုံးမြို့နယ် ရာဟောင်းဝကျေးရွာဘက်ကို စစ် ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား ပြီးခဲ့တဲ့ စက် တင်ဘာ ၁၇ ရက်နေ့ မနက်ပိုင်းမှာ ထိတွေ့ တိုက်ပွဲဖြစ်ပွားခဲ့တာပါ။
နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်နဲ့ ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေကြား အချိန်မိနစ် ၃၀ နီးပါးအကြာ တိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်ကော်မရှင်တပ်သားလေးဦး သေဆုံးခဲ့ပြီး သုံးဦး ထိ ခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ပြန်ကြားရေးတာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။
အဲဒီနောက် တိုက်ပွဲဖြစ်ပွားတဲ့ ရာဟောင်းဝကျေးရွာအနီးကို စစ်ကော်မရှင်တပ်ရဲ့ နောက်ထပ်စစ် ကြောင်း တောလမ်းအတိုင်းလာချိန် တော်လှန်ရေးတပ်ဖွဲ့တွေက ပဒေသာရှေ့ထွက်မိုင်း သုံးလုံးနဲ့ ထပ်မံတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
ရာဟောင်းဝကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း သက်ကြီးပိုင်း အမျိုးသမီးကြီးတစ်ဦး ကျည်ထိမှန်သေဆုံးခဲ့တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။
ဒီတိုက်ခိုက်မှုကို လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့၊ ဒေါနစစ်ကြောင်း – ၃ (KBDF)၊ ဒေါနတပ်ခွဲ့-၇ (LPF)၊ ထားဝယ်ခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဦး (DDPDF)၊ ဖက်ဒရယ်ဓူဝံကြယ်တပ်ဖွဲ့တို့က ပူးပေါင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဇွန် ၁၂ ရက်နေ့ကလည်း လောင်းလုံးမြို့နယ် ကညုံကျွန်းကျေးရွာကို စက်လှေတွေနဲ့ ထား ဝယ်မြစ်ကြောင်းအတိုင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကော်မရှင်တပ် တိုက်ခိုက်ခံရတာကြောင့် သုံးဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – LLPDF