ရန်ကုန် ၊ စက်တင်ဘာ ၂၃

လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ စတင်ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားအောင် ဆန္ဒပြ၊လှုံ့ဆော်တယ်ဆိုပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ စစ်ကော်မရှင်က အရေးယူခဲ့သူ တစ်ဒါဇင်အထိ ရှိလာပါတယ်။

စစ်ကော်မရှင်အနေနဲ့ သူတို့ ကျင်းပမယ့် ရွေးကောက်ပွဲကို ပျက်ပြားစေဖို့ ရည်ရွယ်ပြီး လူမှုကွန်ရက်စာမျက်နှာတွေ အများပြည်သူဆိုင်ရာနေရာတွေမှာ ဟောပြောတာ၊ ပြောဆိုတာ၊ စည်းရုံးလှုံ့ဆော်တာ၊ ဆန္ဒပြတာ၊ စာရေးသားတာ၊ ရုပ်ပုံပိုစတာတွေ ချိတ်ဆွဲတာတွေနဲ့ ဟန့်တားဖျက်ဆီးတာတွေကို ထိရောက်စွာ အရေးယူနေတာပါ။

လွန်ခဲ့တဲ့ ရက်သတ္တပတ်ကျော်အတွင်း ရန်ကုန်တိုင်းနဲ့ ကယားပြည်နယ်က အမျိုးသား ကိုးဦးကို ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ ပျက်ပြားစေရေး နှောင့်ယှက်ဟန့်တားဖျက်ဆီးတာကြောင့် အမှုဖွင့်အရေးယူခဲ့တယ်လို့ စက်တင်ဘာ ၂၂ ရက်နေ့မှာ စစ်ကော်မရှင်က သတင်းထုတ်ပြန်ပါတယ်။

စက်တင်ဘာ ၁၆ ရက်နေ့က ရန်ကုန်တိုင်း ရွှေပြည်သာမြို့နယ်မှာ ရွေးကောက်ပွဲလုပ်ငန်းစဉ်တွေ ပျက်ပြားစေဖို့ ဆန္ဒပြ လှုံ့ဆော်တာတွေ ပြုလုပ်ခဲ့ကြတဲ့ အမျိုးသားလေးဦးကို ဖမ်းဆီးပြီး ရွေး ကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) နဲ့ အမှုဖွင့်အရေးယူထားတာပါ။

ဒါ့အပြင် ကယားပြည်နယ် လွိုင်ကော်မြို့က အမျိုးသားငါးဦးကိုလည်း သက်ဆိုင်ရာမြို့မရဲစခန်းက စက်တင်ဘာ ၁၄ ရက်နေ့မှာ ဖမ်းဆီးပြီး ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မနဲ့ အလားတူ အမှုဖွင့်အရေးယူထားတာ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကာကွယ်ရေးဥပဒေ ပုဒ်မ ၂၃ (က) အရ ဘယ်သူမဆို တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ရင် ထောင်ဒဏ် အနည်းဆုံး သုံးနှစ်ကနေ ခုနှစ်အထိ ချမှတ်ရမယ့်အပြင် ငွေဒဏ်လည်း ချမှတ်နိုင်တယ်လို့ ဥပဒေမှာ ဖော်ပြပါတယ်။

အဲဒီဥပဒေပါ ပုဒ် ၁၆ အရ ဘယ်သူမဆို ရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းစဉ်ကို ဖြစ်စေ ဒါမှမဟုတ် လုပ်ငန်းစဉ်ရဲ့ တစ်စိတ်တစ်ဒေသကို ဖြစ်စေ ပျက်ပြားစေဖို့ ဟောပြောတာ၊ ပြောဆိုတာ ၊ စည်းရုံးတာ၊ လှုံ့ဆော်တာ၊ ဆန္ဒပြတာ ဒါမှမဟုတ် စာရေးသားဖြန့်ချီတာတွေကို ဘယ်နည်းနဲ့မှ မပြုရဘူးလို့ တားမြစ်ထားတာပါ။

စစ်ကော်မရှင်အနေနဲ့ ရွေးကောက်ပွဲကျင်းပဖို့ နိုင်ငံကို အရေးပေါ်အခြေအနေကနေ ပယ်ဖျက်ပြီး စစ်ကောင်စီကို မဖျက်သိမ်းခင် ရက်ပိုင်းအတွင်း ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွေကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းကနေ ကာကွယ်ပေးရေးဥပဒေကို ဇူလိုင်နှောင်းပိုင်းမှာ ပြဌာန်းခဲ့ပါတယ်။

အဲဒီနောက် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေး ပြဌာန်းခဲ့တဲ့ ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပါ တားမြစ်ချက်တွေကို အကြောင်းပြကာ ဖောက်ဖျက်ကျုးလွန်သူတွေကို စုံစမ်းဖော်ထုတ်ပြီး ဖမ်းဆီးအရေးယူတာတွေ တောက်လျှောက်လုပ်လာနေတာပါ။

စက်တင်ဘာ ၁၈ ရက်နေ့ကလည်း ရန်ကုန်တိုင်း လှိုင်သာယာအရှေ့ပိုင်းမြို့နယ်မှာ ရွေးကောက်ပွဲပျက်ပြားစေဖို့ လှုံ့ဆော်စာတွေ ရေးသားထားတဲ့ စတေကာတွေနဲ့ အများပြည်သူသွားလာတဲ့နေရာတွေမှာ လိုက်ကပ်တဲ့ အမျိုးသားနှစ်ဦးကို စစ်ကော်မရှင်က ဖမ်းဆီးအရေးယူခဲ့ပါသေးတယ်။

ပြီးခဲ့တဲ့ ဩဂုတ်မှာလည်း မဲပေးတဲ့ကိစ္စနဲ့ အွန်လိုင်းပေါ် ဝေဖန်ရေးသားခဲ့သူ အမျိုးသားတစ်ဦးကို ရွေးကောက်ပွဲကာကွယ်ရေးဥပဒေပုဒ်မ ၂၃ (က) အရ အလုပ်နဲ့ ထောင်ဒဏ် ၇ နှစ် တိတိ ကျခံစေဖို့ စစ်ကော်မရှင်က စက်တင်ဘာ ၉ ရက်နေ့မှာ အမိန့်ချမှတ်ခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.