နေပြည်တော် ၊ စက်တင်ဘာ ၂၃
လာမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုတဝန်းစည်းရုံးမယ့် နိုင်ငံရေးပါတီတွေအတွက် ပါတီဖျက်သိမ်းမခံရအောင် ဝင်ပြိုင်ရမယ့် မဲဆန္ဒနယ်နဲ့ ကိုယ်စားလှယ်လောင်း အရေအတွက်ကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက စက်တင်ဘာ ၂၁ ရက်နေ့မှာ ဖြေလျှော့လိုက်ပါတယ်။
သက်ဆိုင်ရာမဲဆန္ဒနယ်တွေမှာ လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းရမယ့် နောက်ဆုံးနေ့ရက် စက်တင်ဘာ ၂၂ ရက်နေ့ မတိုင်ခင် တစ်ရက်အလိုမှာ ပါတီကြီးတွေရဲ့ ရပ်တည်ခွင့်အတွက် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေကို ပြင်ဆင်ခဲ့တာပါ။
စစ်ကော်မရှင်ရဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီက ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၄၁၇ အရ အဲဒီဥပဒေကို ပြင်ဆင်ပြဌာန်းခဲ့တာလို့ ယာယီသမ္မတအဖြစ် တာဝန်ယူထားတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က လက်မှတ်ရေးထိုးပါတယ်။
ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် ပါတီဖြစ်ရင် မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်အစား လေးပုံတစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင် ဆိုတဲ့အချက်ကို ပြင်ဆင်ပြဌာန်းခဲ့တာပါ။
ဒါကြောင့် ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့် ပါတီတွေအအတွက် မဲဆန္ဒနယ်အားလုံးရဲ့ လေးပုံတစ်ပုံမှာ ဝင်ရောက်ယှဉ်ပြိုင်နိုင်ရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် ရှိနေတာပါ။
ပြည်သူ့ပါတီရဲ့ မွန်ပြည်နယ် တာဝန်ခံ ဦးအောင်ကိုဝင်းသန်းက မဖြစ်မနေ ဝင်ပြိုင်ရမယ့် မဲဆန္ဒနယ်တွေ ဖြေလျှော့လိုက်တဲ့အပေါ် ကိုယ်စားလှယ်လောင်းအခက်အခဲရှိတဲ့ ပါတီတွေအတွက် အပေါင်း လက္ခဏာဆောင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“အပေါင်းလက္ခဏာဆောင်တယ်လို့ပဲ ယူဆပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်တို့ ပါတီက ပြည့် မီတယ်ဆိုပေမယ့်လည်း တခြား တခြားပါတီတွေမှာ အခက်အခဲရှိလို့ ဖြေလျှော့တာလား ဒါမှမဟုတ် အကြောင်းတရားတစ်ခုတော့ ရှိမှာပေါ့။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် ပါတီအနေနဲ့ မဟုတ်ဘဲ ကျွန်တော့်တစ်ယောက်တည်းအမြင်နဲ့ ဆိုရင်တော့ ဝမ်းလည်းသာပါတယ်၊ အပေါင်းလက္ခဏာဆောင်တယ်လို့ပဲ ယူဆပါတယ်ခင်ဗျ”လို့ ဆိုပါတယ်။
ပြည်ထောင်စုတစ်ဝန်းစည်းရုံးမယ့် နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားတဲ့ ပြည်သူ့ပါတီအနေနဲ့ ကိုယ်စားလှယ်လောင်းအမည်စာရင်းတွေကို မြို့နယ်အတော်များများမှာ တင်သွင်းပြီးသွားပြီလို့ သူက ဆက်ပြောပါတယ်။ ဒါပေမယ့် မဲဆန္ဒနယ်နဲ့ ကိုယ်စားလှယ်လောင်းအရေအတွက်ကိုတော့ လောဆယ်မှာ ထုတ်ပြောခြင်း မရှိခဲ့ပါဘူး။
အရင်က ပြဋ္ဌာန်းထားတဲ့ နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေအရ ပြည်ထောင်စုတစ်ဝန်းလုံးမှာ စည်းရုံးမယ့် ပါတီဖြစ်ရင် အထွေထွေရွေးကောက်ပွဲမှာ မဲဆန္ဒနယ်အားလုံးရဲ့ ထက်ဝက်မှာ ဝင်ရောက်ယှဉ်ပြိုင်မှု မပြုနိုင်ဆိုတဲ့ အချက်နဲ့ ငြိစွန်းရင် နိုင်ငံရေးပါတီအဖြစ် ဆက်လက်ရပ်တည်ပိုင်ခွင့် မရှိကြောင်း ဖော်ပြထားတာပါ။
အဲဒီမဲဆန္ဒနယ်အားလုံးမှာ ပြည်သူ့လွှတ်တော်၊အမျိုးသားလွှတ်တော်နဲ့ တိုင်းဒေသကြီးလွှတ်တော် ဒါမှမဟုတ် ပြည်နယ်လွှတ်တော်အပြင် တိုင်းရင်းသား လူမျိုးလွှတ်တော်ကိုယ်စားလှယ် မဲဆန္ဒနယ်တွေလည်း ပါဝင်ပါတယ်။
ဒါကြောင့် လက်ရှိ ပြင်ဆင်လိုက်တဲ့ ဥပဒေအရ မဲဆန္ဒနယ်အားလုံးရဲ့ လေးပုံတစ်ပုံမှာသာ ရွေး ကောက်ပွဲဝင်မယ့် ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းနိုင်ရင် နိုင်ငံရေးပါတီအဖြစ် ဖျက်သိမ်းခြင်းကနေ လွှတ်မြောက်နိုင်တဲ့ သဘောပါ။
ကရင်ပြည်နယ်အတွင်း စည်းရုံးမယ့် မွန်တိုးတက်ရေးပါတီ ခေါင်းဆောင်တစ်ဦးက အခုလို ဖြေ လျှော့လိုက်တာဟာ ကိုယ်စားလှယ်လောင်း ၁၀၀ ကျော်နဲ့ ဝင်ပြိုင်လို့ရတဲ့အတွက် ကိုယ်စားလှယ်လောင်းမပြည့်မီတဲ့ ပါတီကြီးတွေအတွက် ရှင်သန်ဖို့ အခွင့်အရေးရသွားတယ်လို့ ပြောပါတယ်။
“ဥပဒေဖြေလျှော့ပေးလိုက်တဲ့ဟာကတော့ တစ်နိုင်ငံလုံး ယှဉ်ပြိုင်ရမယ့်ကျန်ရှိတဲ့ ပါတီကြီးတွေအတွက် အခွင့်အရေးရသွားတာပေါ့။ တချို့ကျတော့လည်း ကိုယ်စားလှယ်လောင်းမပြည့်တာရယ် ပြည့်တာရယ် သွားလာရခက်ခဲတာရှိတော့ ဒါကတော့ မင်္ဂလာသတင်းတစ်ခုပဲလို့ ပြောရမှာပေ့ါနော်။တချို့ ကိုယ်စားလှယ်လောင်းပြည့်ပြီးသားတော့ ပြဿနာမရှိပေမယ့် ကိုယ်စားလှယ်လောင်းမပြည့်တဲ့ ထက်ဝက်ယှဉ်ပြိုင်ရမယ်ဆိုရင် (ကိုယ်စားလှယ်လောင်း) ၄၀၀ ကျော်လောက် ပြိုင်ရမှာလေ။ အ ခုကျတော့ ၁၀၀ ကျော်နဲ့ ဝင်ပြိုင်လို့ရတယ်ဆိုတော့လည်း ပါတီကြီးတွေအတွက်က ရှင်သန်မယ်ပေါ့။ ပါတီငယ်တွေကျတော့ ဒီဥပဒေနဲ့ မသက်ဆိုင်ဘူးပေါ့”လို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အရင်က နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ က မဲဆန္ဒ နယ် ၈၃၃ နယ်မှာ ရွေးကောက်ပွဲကျင်းပမယ်လို့ သတ်မှတ်ထားပေမယ့် နောက်ပိုင်းမှာတော့ ၅၆ မြို့နယ်က မဲဆန္ဒနယ် ၁၂၁ နယ်မှာ ရွေးကောက်ပွဲ ကျင်းပဖို့အခြေအနေမရှိဘူးလို့ ဝန်ခံထားတာပါ။
ဒါကြောင့် လာမယ့် ဒီဇင်ဘာ ၂၈ ရက်မှာ စတင်ကျင်းပမယ့် အပိုင်းလိုက် အထွေထွေရွေးကောက်ပွဲမှာ လွှတ်တော်သုံးရပ်အတွက် စုစုပေါင်း မဲဆန္ဒနယ် ၇၁၂ နယ်မှာ ရွေးကောက်ပွဲပြုလုပ်သွားမယ်လို့ ကြေညာထားတာ ဖြစ်ပါတယ်။
ဒီအတွက် ပြည်ထောင်စုတစ်ဝန်းစည်းရုံးမယ့် နိုင်ငံရေးပါတီတွေအနေနဲ့ မဲဆန္ဒနယ် ၇၁၂ နယ်ရဲ့ ထက်ဝက်မှာ ကိုယ်စားလှယ်လောင်းအမည်စာရင်း တင်သွင်းစရာမလိုဘဲ လေးပုံတစ်ပုံဖြစ်တဲ့ မဲဆန္ဒနယ် ၁၇၈ နယ်အတွက် ကိုယ်စားလှယ်လောင်း တင်သွင်းနိုင်မှာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စစ်ကော်မရှင် ဦးဆောင်ကျင်းပမယ့် ရွေးကောက်ပွဲကို ဝင်ပြိုင်ဖို့ မှတ်ပုံတင်ထားတဲ့ တည်ဆဲနိုင်ငံရေးပါတီတွေထဲမှာ ပြည်ထောင်စုတစ်ဝန်းစည်းရုံးမယ့် ပါတီ ၆ ခုနဲ့ တိုင်းဒေသကြီး ဒါမှမဟုတ် ပြည်နယ်တစ်ခုအတွင်းသာ စည်းရုံးမယ့် ၅၁ ပါတီ ရှိနေတာပါ။
တစ်ဘက်မှာ ပါတီရုံးခန်း သတ်မှတ် အရေအတွက် မပြည့်မီတာနဲ့ သတ်မှတ်ပါတီဝင်ဦးရေ မပြည့်မီလို့ဆိုပြီး ပြည်ထောင်စုတစ်ဝန်းစည်းရုံးမယ့် ပါတီသုံးခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က စက်တင်ဘာ ၉ ရက်နေ့မှာ ပယ်ဖျက်ကြောင်း ကြေညာထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media