သည်ဟေ့ဂ်၊ စက်တင်ဘာ ၂၃

ဖိလစ်ပိုင်သမ္မတဟောင်း ရိုဒရီဂို ဒူတာတေးကို နိုင်ငံတကာ ရာဇဝတ်မှု တရားရုံး ICC က လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှု စွဲချက် သုံးခုနဲ့ စွဲချက်တင်လိုက်ပါတယ်။

အသက် ၈၀ အရွယ်ရှိ ဒူတာတေးဟာ ထောင်နဲ့ချီတဲ့ မူးယစ်ဆေးဝါး ရောင်းဝယ်သူတွေ၊ သုံးစွဲသူတွေနဲ့ တခြား လူတွေကို ရုံးတင်စစ်ဆေးမှု မရှိဘဲ သတ်ဖြတ်ခံခဲ့ရတဲ့ သူ့ရဲ့ မူးယစ်ဆေးဝါးနှိမ်နှင်းမှု တစ်စိတ်တစ်ပိုင်း အနေနဲ့လူဒါဇင်ပေါင်းများစွာ သတ်ဖြတ်ခံရမှုအတွက် ရာဇဝတ်မှုဆိုင်ရာ တာဝန်ရှိတယ်လို့ စွပ်စွဲခံထားရပါတယ်။

လူသိရှင်ကြား ကြေညာဖို့အတွက် ပြင်ဆင်တည်းဖြတ်မှု တချို့ ပါဝင်တဲ့ ICC ရဲ့ စွဲချက် စာရင်းဟာ ဇူလိုင်လကတည်းက ရေးဆွဲထားတာ ဖြစ်ပေမယ့် စက်တင်ဘာ ၂၂ ရက်ကမှ လူသိရှင်ကြား ကြေညာခဲ့တာ ဖြစ်ပါတယ်။

ရဲတပ်ဖွဲ့အပါအဝင် တခြားလူတွေက ကျူးလွန်ခဲ့တာ ဖြစ်တယ်လို့ တရားရုံးက စွပ်စွဲထားတဲ့ လူသတ်မှုတွေမှာ ဒူတာတေးဟာ တိုက်ရိုက်မဟုတ်ဘဲ ပါဝင်ခဲ့တယ်လို့ ICC လက်ထောက် အစိုးရရှေ့နေ မာမီ မန်ဒီယာယီ နီအန်က ပြောပါတယ်။

ဒူတာတေးဟာ ဒါဗောင်စီးတီး မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်ချိန် ၂၀၁၃ ခုနှစ်နဲ့ ၂၀၁၆ ခုနှစ်ကြား လူ ၁၉ ဦးကို သတ်ဖြတ်မှုမှာ ပါဝင်ခဲ့တယ်လို့ ပထမဆုံးစွဲချက်မှာ ဖော်ပြပါတယ်။

နောက်ထပ် စွဲချက် နှစ်ခုကတော့ ၂၀၁၆ ခုနှစ်နဲ့ ၂၀၂၂ ခုနှစ်ကြား ဖိလစ်ပိုင် သမ္မတအဖြစ် သူတာဝန်ယူချိန်၊ မူးယစ်ဆေးဝါးနှိမ်နှင်းမှု စတင်ခဲ့ချိန်က ဖြစ်ရပ်တွေနဲ့ ဆက်စပ်နေပါတယ်။

ဒုတိယစွဲချက်ဟာ နိုင်ငံတဝန်း တန်ဖိုးမြင့်မားတဲ့ ပစ်မှတ် ၁၄ ဦးကို သတ်ဖြတ်မှုနဲ့ ဆက်စပ်နေပြီး တတိယစွဲချက်ကတော့ နယ်မြေ ရှင်းလင်းရေး စစ်ဆင်ရေးအတွင်း ကျေးရွာ တစ်ရွာမှာ လူ ၄၅ ဦးကို သတ်ဖြတ်မှု၊ သတ်ဖြတ်ဖို့ ကြိုးပမ်းမှုနဲ့ ဆက်စပ်နေပါတယ်။

လူပေါင်း ၆၀၀၀ ကျော် သေဆုံးခဲ့တဲ့ သူ့ရဲ့ ရက်ရက်စက်စက် မူးယစ်ဆေးဝါးနှိမ်နှင်းမှုအတွက် ဒူတာတေးက တောင်းပန်ဖို့ ကမ်းလှမ်းခဲ့တာ မရှိပါဘူး။

သူ့ရဲ့ မူးယစ်ဆေးဝါး နှိမ်နှင်းမှုအတွင်း အမှန်တကယ် သတ်ဖြတ်ခံရသူ အရေအတွက်ဟာ အဲဒီထက် အများကြီး ပိုများနိုင်တယ်လို့ လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတွေက ယုံကြည်ထားကြပါတယ်။

ဒူတာတေးက နိုင်ငံတဝန်းက လမ်းမများပေါ်မှာ ဖြစ်ပွားနေတဲ့ ရာဇဝတ်မှုတွေကို ရှင်းလင်းရေး မူးယစ်ဆေးဝါးရောင်းဝယ်သူတွေကို နှိမ်နှင်းခဲ့တာ ဖြစ်တယ်လို့ ပြောပါတယ်။

ဒူတာတေးဟာ ICC ရဲ့ စွဲချက်တင်ခံရတဲ့ ပထမဆုံး အာရှ နိုင်ငံ့ခေါင်းဆောင်ဟောင်းဖြစ်ပြီး နယ်သာလန်နိုင်ငံ သည်ဟေ့ဂ်မြို့သို့ ပို့ဆောင်ခံရတဲ့ ပထမဆုံး သံသယရှိသူ ဖြစ်ပါတယ်။

သူ့ကို မတ်လကတည်းက ဖမ်းဆီးထားတာ ဖြစ်ပြီး ကျန်းမာရေး မကောင်းတာကြောင့် အမှုရင်ဆိုင်နိုင်မှာ မဟုတ်ဘူးလို့ သူ့ရဲ့ ရှေ့နေက ပြောထားပါတယ်။

ဒူတာတေးဟာ ဖမ်းဆီးခံနေရပေမယ့် မေလက ဒါဗောင်စီးတီး မြို့တော်ဝန် အဖြစ် ထပ်ပြီး ရွေးကောက်ခံခဲ့ရပါတယ်။

၂၀၂၂ ခုနှစ်ကတည်းက မြို့တော်ဝန်အဖြစ် တာဝန်ယူလာခဲ့တဲ့ သူ့ရဲ့ သားဖြစ်သူ ဆီဘတ်စတီယန်က သူ့ဖခင်ကိုယ်စား ဒါဗောင်စီးတီး ယာယီ မြို့တော်ဝန်အဖြစ် လောလောဆယ် တာဝန်ယူနေပါတယ်။

ICC ကို လက်ရှိ ဖိလစ်ပိုင်သမ္မတ မားကို့စ်က နိုင်ငံရေး ယန္တရားတစ်ခုအဖြစ် အသုံးချနေတယ်လို့ ဒူတာတေးကို ထောက်ခံသူတွေက စွပ်စွဲထားပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.