ပလောက်၊ စက်တင်ဘာ ၂၃
တနင်္သာရီတိုင်း ပလောက်မြို့အခြေစိုက် စစ်ကော်မရှင်ရဲ့ တိုင်းဗဟိုအမှတ်(၁၂)လေ့ကျင့်ရေးသင် တန်းကျောင်းမှာ စစ်မှုထမ်း သင်တန်းရောက်နေတဲ့ သင်တန်းသား ခုနှစ်ဦး ထွက်ပြေးခိုလှုံလာတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပါတယ်။
အဲဒီစစ်မှုထမ်း သင်တန်းသား ခုနှစ်ဦးဟာ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၇ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ(၄)ထံ လက်နက်မဲ့ ထွက်ပြေးခိုလှုံခဲ့တာပါ။
ထွက်ပြေးခိုလှုံလာတဲ့ စစ်မှုထမ်း သင်တန်းသား ခုနှစ်ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေစဉ် ဖမ်းဆီးခံရပြီးနောက် ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံသို့ ပြန်လည်ပို့ဆောင်စဉ် စစ်မှုထမ်း တပ်သားစုဆောင်းခံခဲ့ရပါတယ်။
အခုလို အကြောင်းအမျိုးမျိုးကြောင့် မတရားစစ်မှုထမ်း ခိုင်းစေခံရတဲ့ အာဏာသိမ်းစစ်တပ်အတွင်းက တပ်သားတွေအနေနဲ့ အလင်းဝင်ပူးပေါင်းကြဖို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက တိုက်တွန်းထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၁၉ ရက်နေ့ကလည်း တနင်္သာရီတိုင်း ကလိန်အောင်မြို့အခြေစိုက် အမှတ် ၄၀၉ ခြေမြန်တပ်ရင်းက တပ်သားနှစ်ဦးဟာ လက်နက်ခဲယမ်းတွေနဲ့အတူ အလင်းဝင်လာတယ်လို့ ဒူရကစစ်ကြောင်းက ထုတ်ပြန်ထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU