သထုံ၊ စက်တင်ဘာ ၂၃

အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲကို စုပေါင်းခေါင်း ဆောင်မှုနဲ့ တိုက်ဖျက်ချေမှုန်းသွားမယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU တပ်ဟာ(၁) သထုံခရိုင်က ကြေညာပါတယ်။

စက်တင်ဘာ ၂၁ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ ကြေညာချက်အရ စစ်ကော်မရှင် ရွေးကောက်ပွဲကို KNU ဗဟိုရဲ့ ထုတ်ပြန်ချက်အတိုင်း လိုက်နာဆောင်ရွက်သွားမယ်လို့ အသိပေးထားပါတယ်။

ဒါ့အပြင် ရွေးကောက်ပွဲ တိုက်ဖျက်ရာမှာ သက်ဆိုင်သူတွေရဲ့ စုပေါင်းခေါင်းဆောင်မှုနဲ့ တစ်ခုတည်းသော အင်အားစုကို ဖွဲ့စည်းထားပြီး အတုယောင်ရွေးကောက်ပွဲကို တိုက်ဖျက်ချေမှုန်းသွားမယ်လို့ ဆိုပါတယ်။

စစ်ကော်မရှင် ရွေးကောက်ပွဲ တိုက်ဖျက်ရာမှာ အကြမ်းမဖက်နည်းနဲ့ ဆန့်ကျင်သွားမှာ ဖြစ်တယ်လို့ KNU တပ်ဟာ(၁) သထုံခရိုင် ဥက္ကဋ္ဌ ပဒိုစောစိုးမြင့်က သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို လက်မခံကြောင်း မွန်ပြည်နယ်အတွင်းက တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေကလည်း ကြေညာချက် အသီးသီးထုတ်ပြန်ထားပါတယ်။

အာဏာသိမ်း စစ်ကော်မရှင်ဟာ မွန်ပြည်နယ်ရဲ့ သထုံခရိုင်အတွင်းရှိ မြို့ပေါ်တွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ လုံခြုံရေးအင်အား တိုးမြှင့်တာ၊ ကင်းပုန်းဝပ်တာ၊ ရွေးကောက်ပွဲအတွက် ပြင်ဆင်မှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

ဒါပေမယ့် KNU သထုံခရိုင် ထိန်းချုပ်ထားတဲ့ ကျေးရွာတွေမှာတော့ ရွေးကောက်ပွဲနဲ့ပတ်သက်ပြီး တစ်စုံတစ်ရာ ပြင်ဆင်လုပ်ဆောင်တာ လက်ရှိအချိန်ထိ မတွေ့ရသေးပါဘူး။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.