ဘားအံ၊ စက်တင်ဘာ ၂၂

ကော်သူးလေအုပ်ချုပ်နယ်မြေထဲမှာ အာဏာသိမ်းစစ်တပ်ရဲ့ လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းအပါအဝင် လူထုကိုထိခိုက်စေတဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် ရှစ်လအတွင်း အရပ်သားပြည်သူဦးရေ ၁၅၀ နီးပါး သေဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ စက်တင်ဘာ ၂၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

နိုင်ငံတဝှမ်းမှာ ငြိမ်းချမ်းရေးကို ဆွေးနွေးနေတယ်လို့ အာဏာသိမ်းစစ်တပ်က အစဉ်မပြတ်ကြေညာနေပေမယ့် လက်တွေ့မှာတော့ မြန်မာနိုင်ငံတဝှမ်းနဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ကော်သူးလေအုပ်ချုပ်နယ်မြေတွေထဲမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို အဆက်မပြတ် နေ့စဉ်ရက်ဆက် ကျူးလွန်လျက်ရှိနေတယ်လို့ KNU ဗဟိုက ဆိုပါတယ်။

၂၀၂၅ ခုနှစ် ဇန်နဝါရီ ၁ ရက်ကနေ ဩဂုတ်လ ၃၁ ရက်အထိ ရှစ်လအတွင်း ကော်သူးလေအုပ်ချုပ်နယ်မြေတွေမှာ အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးပစ်ခတ်မှု၊ ဒရုန်းတိုက်ခိုက်မှုအပါအဝင် လူထုကို ထိခိုက်စေတဲ့ အကြမ်းဖက်လှုပ်ရှားမှု စုစုပေါင်း ၁၂၇၇ ကြိမ်ထက်မနည်း ကျူးလွန်ခဲ့တယ်လို့ KNU လူ့အခွင့်အရေးကော်မတီရဲ့ ကောက်ယူထားတဲ့ အချက်အလက်တွေအရ သိရပါတယ်။

စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ၆၄ ဦး၊ လက်နက်ကြီးပစ်ခတ်မှုအတွင်း အရပ်သား ၅၆ ဦး၊ ဒရုန်းတိုက်ခိုက်မှုအတွင်း အရပ်သား ၇ ဦး၊ အကြောင်းမဲ့သေနတ်ပစ်ခတ်မှုကြောင့် အရပ်သား ၁၀ ဦး၊ စစ်တပ်ရဲ့ မြေမြှုပ်မိုင်းကြောင့် အရပ်သား ၃ ဦး၊ ပြည်သူအပေါ် အကြောင်းမဲ့သတ်ဖြတ်မှုကြောင့် အရပ်သား ၆ ဦး စုစုပေါင်း ၁၄၆ ဦး သေဆုံးခဲ့တယ်လို့ KNU ဗဟိုရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်တပ်ရဲ့ အကြမ်းဖက်လှုပ်ရှားမှုတွေကြောင့် အရပ်သားပြည်သူ ၅၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး စစ်တပ်ရဲ့ အကြောင်းမဲ့ဖမ်းဆီးမှုကြောင့် အရပ်သားပြည်သူ ၈၉ ဦး ဖမ်းဆီးခံခဲ့ရကာ နေအိမ်၊ စာသင်ကျောင်း၊ ဆေးရုံနဲ့ ဘာသာရေးဆိုင်ရာ အဆောက်အဦးတွေများစွာ ပျက်စီးခဲ့ရတဲ့အပြင် ထောင်ပေါင်းများစွာသော ပြည်သူလူထုတွေ နေရပ်စွန့်ခွာထွက်ပြေးခဲ့ရတယ်လို့ KNU ဗဟိုက ဆိုပါတယ်။

စစ်မှန်တဲ့ငြိမ်းချမ်းရေးကို ဖော်ဆောင်နိုင်ဖို့အတွက် အကြမ်းဖက်မှုတွေ ရပ်တန့်ရမှာဖြစ်ပေမယ့်လည်း အာဏာသိမ်းစစ်တပ်ရဲ့ လုပ်ရပ်တွေဟာ သူတို့ရဲ့ ပြောဆိုမှုတွေနဲ့ လုံးဝကွဲလွဲနေတယ်လို့ KNU ဗဟိုက ထုတ်ပြန်ပြောဆိုထားပါတယ်။

စစ်မှန်တဲ့ ငြိမ်းချမ်းရေး ရရှိနိုင်ရေးအတွက် အဖက်ဖက်က ပါဝင်သူတွေအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ရမှာဖြစ်ပြီး အခြေခံလူ့အခွင့်အရေးတွေကို ထိန်းသိမ်းရမှာဖြစ်ပေမယ့် သွေးစွန့်လက်နဲ့ ကမ်းလှမ်းတဲ့ ငြိမ်းချမ်းရေးကို မည်သူက ယုံကြည်ပြီး လက်ကမ်းပေးနိုင်မည်နည်းဟု KNU ဗဟိုရဲ့ ထုတ်ပြန်ထားချက်မှာ ဖော်ပြပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.