တနင်္သာရီ၊ စက်တင်ဘာ ၂၂
တနင်္သာရီတိုင်း တနင်္သာရီမြို့နယ် အခြေစိုက် အမှတ် ၂၈၀ ခြေလျင်တပ်ရင်းက စစ်မှုထမ်း သင်တန်းဆင်း တပ်သားနှစ်ဦး ထွက်ပြေးလာပြီး အလင်းဝင်ခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU မြိတ်-ထားဝယ်ခရိုင်က ထုတ်ပြန်ထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ ၂၀ ရက်နေ့က စစ်ကော်မရှင်ရဲ့ ခလရ ၂၈၀ တပ်ရင်းမှာ တာဝန်ထမ်းဆောင်နေတဲ့ စစ်မှုထမ်းသင်တန်းဆင်း တပ်သားနှစ်ဦးဟာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA တပ်မဟာ ၄ တပ်ရင်း ၁၁ ထံ အလင်းဝင်ရောက်လာခဲ့တာပါ။

အလင်းဝင်လာတဲ့ တပ်သားနှစ်ဦးဟာ ထိုင်းနိုင်ငံမှာ အလုပ်သွားလုပ်နေချိန် အဖမ်းခံရပြီး ထိုင်းနိုင်ငံမှတဆင့် မြန်မာနိုင်ငံ ကော့သောင်းမြို့ကို ပြန်လည်ပို့ဆောင်ပြီးနောက် အတင်းအဓမ္မ စစ်မှုထမ်း စစ်သားစုဆောင်းခံခဲ့ရတာပါ။
အဲဒီနောက် တနင်္သာရီမြို့နယ် သိန်းခွန်းကျေးရွာကို ရှေ့တန်းထွက်ချိန် လက်နက်မပါဘဲ ထွက်ပြေးလာပြီး ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်ရင်း ၁၁ ထံ အလင်းဝင်ခဲ့တယ်လို့ KNU က ဆိုပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ ဒုတိယအပတ်ကလည်း သရက်ချောင်းမြို့နယ်မှာ စစ်ကော်မရှင်တပ်က အတင်းအဓမ္မ တပ်သားသစ် စုဆောင်းခံရတဲ့ စစ်မှုထမ်း သင်တန်းဆင်းတပ်သားတစ်ဦး ထွက်ပြေးလာပြီး အလင်းဝင်ခဲ့တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU