ဘားအံ၊ စက်တင်ဘာ ၂၂

စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် အတုအယောင်ရွေးကောက်ပွဲကို ကရင်လူငယ်ထုတစ်ရပ်လုံးအပါအဝင် ပြည်သူလူထုတစ်ရပ်လုံးက ပူးပေါင်းပါဝင်မှုတွေ မပြုလုပ်ဖို့နဲ့ ဝိုင်းဝန်းတိုက်ဖျက်တားဆီးကြဖို့ ကရင်လူငယ်အစည်းအရုံး KYO ဗဟိုက စက်တင်ဘာ ၂၂ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်ပြီး တိုက်တွန်းလိုက်ပါတယ်။

စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲဟာ သူတို့ရဲ့ လူမျိုးပေါင်းစုံပြည်သူလူထုအပေါ် ရက်စက်ယုတ်မာမှုတွေကို ဖုံးကွယ်ဖျောက်ဖျက်နိုင်ဖို့နဲ့ စစ်အာဏာရှင်စနစ် သက်ဆိုးရှည်ရေးအတွက် ဒီမိုကရေစီကို အမည်ခံအလွှဲသုံးစားလုပ်ကာ ပြည်သူလူထုကို လိမ်လည်လှည့်ဖျားတဲ့ အတုအယောင်ရွေးကောက်ပွဲသာဖြစ်တယ်လို့ KYO က ထုတ်ပြန်ထားပါတယ်။

ဒီလို ပြည်သူလူထုအပေါ် ရက်စက်ကြမ်းကြုတ်တဲ့ စစ်အစိုးရအဆက်ဆက် အမွေဆိုးကိုဆက်ခံတဲ့ မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကော်မရှင်က ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို ပူးပေါင်းပါဝင်မယ်ဆိုပါက ပြည်သူလူထုတွေဟာ ပိုမိုဆိုးရွားတဲ့ ဆင်းရဲဒုက္ခနဲ့ ဖိနှိပ်ချုပ်ချယ်မှုတွေကို ဆက်လက်ရင်ဆိုင်သွားရမှာဖြစ်တယ်လို့ KYO က ဆိုပါတယ်။

ဒါ့အပြင် တိုင်းပြည် ပိုမိုယိုယွင်းပျက်စီးသွားနိုင်တဲ့ အခြေအနေသို့ရောက်အောင် တွန်းပို့မယ့် အာဏာရှင်စနစ်ကို အားပေးထောက်ခံတဲ့ သမိုင်းတရားခံအဖြစ် ကျန်ရစ်မှာဖြစ်တယ်လို့လည်း ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။

KYO အနေနဲ့လည်း အတုအယောင်ရွေးကောက်ပွဲ ဆန့်ကျင်ရေး လုပ်ငန်းတွေကို ကရင်လူငယ်ထုတွေ၊ မဟာမိတ်လူမျိုးစုငယ်တွေနဲ့ ချိတ်ဆက်ပူးပေါင်းဆောင်ရွက်မှုတွေ ပြုလုပ်ကာ ပြည်သူတစ်ရပ်လုံးနဲ့အတူ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ သက်ဆိုးရှည်ရေးကို နည်းလမ်းမျိုးစုံနဲ့ တော်လှန်တိုက်ဖျက်သွားမှာဖြစ်ကြောင်း ထုတ်ပြန်ထားပါတယ်။

မင်းအောင်လှိုင်ခေါင်းဆောင်တဲ့ စစ်ကော်မရှင်အပါအဝင် ခေတ်အဆက်ဆက် တိုင်းပြည်အာဏာရအုပ်စိုးသူတွေဟာ ပြည်သူလူထုရဲ့ ဘဝလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်မှုတွေကို တာဝန်ယူမှု၊ တာဝန်ခံမှု ကင်းမဲ့တဲ့အပြင် အခုအချိန်ထိ လူမျိုးပေါင်းစုံပြည်သူလူထုတွေကို မတရားဖမ်းဆီးနှိပ်စက်၊ မုဒိန်းကျင့်၊ မီးရှို့၊ သတ်ဖြတ်မှုတွေကို ကျူးလွန်နေတယ်လို့ KYO က ဆိုပါတယ်။

ဒါ့အပြင် စစ်ကော်မရှင်က အရပ်သားပြည်သူနဲ့ သက်ဆိုင်တဲ့ အဆောက်အဦတွေဖြစ်ကြတဲ့ ဘာသာရေး အဆောက်အဦတွေ၊ စာသင်ကျောင်းတွေ၊ ဆေးရုံဆေးခန်းတွေကို နိုင်ငံအနှံ့ ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်ခဲ့ပြီး ပြည်သူတွေရဲ့ဘ၀ ဆင်းရဲတွင်းသို့ နက်သည်ထက်နက်အောင် ဆက်လက်ပြုလုပ်နေမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြပါရှိပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – KYO

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.