မော်လမြိုင် ၊ စက်တင်ဘာ ၆
မွန်ပြည်နယ်မှာ စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲအတွင်း နှောင့်ယှက်ဟန့် တားမှုတွေ မရှိစေရေး ကြိုတင်ဆောင်ရွက်ထားဖို့ အာဏာသိမ်း စစ်ကော်မရှင်ခန့် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက ညွှန်ကြားလာပါတယ်။
စက်တင်ဘာ ၄ ရက်နေ့က မော်လမြိုင်မြို့ရှိ မွန်ပြည်နယ်အစိုးရရုံးမှာ ပြုလုပ်တဲ့ စစ်ကော်မရှင်ခန့် မွန်ပြည်နယ်အစိုးရအဖွဲ့နဲ့ ပြည်နယ်အဆင့် ဌာနဆိုင်ရာ အရာထမ်း၊အမှုထမ်းဝန်ထမ်းတွေနဲ့ တွေ့ဆုံပွဲမှာ ညွှန်ကြားခဲ့တာ ဖြစ်ပါတယ်။
ရွေးကောက်ပွဲမှာ ပြည်သူလူထု တစ်ရပ်လုံး လွတ်လပ်လုံခြုံစွာ ဆန္ဒမဲပေးနိုင်ဖို့အတွက် နှောင့်ယှက် ဟန့်တားမှု မရှိစေရေး ကြိုတင်ဆောင်ရွက်ထားကြဖို့နဲ့ လုပ်ငန်းတာဝန်တွေကိုလည်း စနစ်တကျ အောင်မြင်အောင် တာဝန်ယူမှု၊ တာဝန်ခံမှု အပြည့်နဲ့ အကောင်အထည်ဖော်ဖို့ ဦးအောင်ကြည်သိန်းက ညွှန်ကြားခဲ့တာပါ။
CDM ဝန်ထမ်းတစ်ဦးကတော့ ရွေးကောက်ပွဲမှာ နှောင့်ယှက်ဟန့်တားမှု မရှိစေရေး ကြိုတင်ဆောင်ရွက်ထားဖို့ ပြောနေပေမယ့် ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားမှုမရှိသလို အခုလို ဌာနဆိုင်ရာတွေကို တွေ့ဆုံတာဟာ ဝန်ထမ်းတွေကို အတင်းအကျပ် မဲပေးခိုင်းဖို့ ဖြစ်နိုင်တယ်လို့ သူ့အမြင်ကို ပြောပါတယ်။
“ကျွန်တော်တို့ အမြင်ကတော့ သူကဖြစ်အောင်တော့ လုပ်မှာပဲ။ မြို့ပေါ် အခြေအနေရရင်လည်း သူကွက်ကွက်ကလေးကတော့ ဖြစ်အောင်လုပ်မှာပဲ။ဒါပေမယ့် ပြည်သူကတော့ ဘယ်လိုလုပ် စိတ် ဝင်စားမှုလည်း ရှိမှာလဲ။ စိတ်ဝင်စားမှုလည်း မရှိဘူး။ ယုံကြည်မှု ဆိုတာကလည်း သုညပဲ။ ဒါပေမယ့် သူက သူတို့ ဝန်ထမ်းတွေကိုတော့ အတင်းအကျပ် ပေးခိုင်းမယ့် သဘောမှာရှိတယ်” လို့ ဆိုပါတယ်။
အခုလို ဌာနဆိုင်ရာတွေကို ခေါ်ယူတွေ့ဆုံတာဟာ ဝန်ထမ်းတွေအပြင် သူတို့ရဲ့ မိသားစုဝင်တွေကအစ ရွေးကောက်ပွဲမှာ မဖြစ်မနေ မဲပေးကြဖို့ စည်းရုံးတဲ့ ပုံစံဖြစ်ပြီး ရွေးကောက်ပွဲကို ပြည်သူတွေ စိတ်ဝင်စားတဲ့ ပုံစံမျိုး ဝါဒဖြန့်ဖို့အတွက် အခုကတည်းက ကြိုတင် ပြင်ဆင်ခိုင်းတာ ဖြစ်နိုင်တယ်လို့ သူက ဆက်ပြောပါတယ်။
စစ်ကော်မရှင်ဟာ ပြည်နယ်အတွင်းမှာ ရွေးကောက်ပွဲ ကျင်းပဖို့ ဒေသအလိုက် လုံခြုံရေးတိုးမြှင့်တာ၊ အုပ်ချုပ်ရေးမှူးရုံးတွေမှာ လုံခြုံရေးတင်းကျပ်ထားသလို မြို့ဝင်မြို့ထွက် နေရာတွေမှာ ပိတ်ဆို့ရှာဖွေစစ်ဆေးမှုတွေ အရှိန်မြှင့်လုပ်ဆောင်နေတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။
စစ်ကော်မရှင်ဟာ လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ အဖြစ် မွန်ပြည်နယ်က ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့မှာ ရွေး ကောက်ပွဲ ကျင်းပသွားဖို့ စီစဉ်ထားပါတယ်။
မွန်ပြည်နယ်မှာတော့ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို စစ်တပ်ကျောထောက်နောက်ခံပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီ၊ မွန်ညီညွှတ်ရေးပါတီအပါအဝင် နိုင်ငံရေးပါတီ ၁၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ ရှိနေပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI