ကိဗ်၊ စက်တင်ဘာ ၅
ရုရှားနဲ့ တိုက်ခိုက်နေတဲ့ စစ်ပွဲ အဆုံးသတ်ပြီးတာနဲ့ ယူကရိန်းအတွက် လုံခြုံရေး အာမခံတဲ့ တပ်ဖွဲ့ အဖြစ် မဟာမိတ် ၂၆ နိုင်ငံက တပ်ဖွဲ့ဝင်တွေ ချထားဖို့ ကတိပြုထားကြောင်း ပြင်သစ်သမ္မတ မက်ကရွမ်က စက်တင်ဘာ ၄ ရက်မှာ ပြောကြားလိုက်ပါတယ်။
ယူကရိန်းကို ထောက်ခံတဲ့ နိုင်ငံပေါင်း ၃၅ နိုင်ငံပါဝင်တဲ့ ညွှန့်ပေါင်းအဖွဲ့ အစည်းအဝေး ပါရီမြို့မှာ ကျင်းပပြီးနောက် သမ္မတ မက်ကရွမ်က အခုလိုမျိုး ပြောကြားတာ ဖြစ်ပါတယ်။

ယူကရိန်းရဲ့ မြေပြင်၊ ဝေဟင်နဲ့ ရေပြင်မှာ တပ်ဖွဲ့ဝင်တွေ ချထားပေးဖို့ အဲဒီနိုင်ငံတွေထဲက ၂၆ နိုင်ငံက သဘောတူညီခဲ့ကြတယ်လို့ မက်ကရွမ်က ပြောပါတယ်။
ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှု သို့မဟုတ် ငြိမ်းချမ်းရေး ရရှိပြီးနောက် ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးရေး ပြင်သစ်နဲ့ ဗြိတိန် ဦးဆောင်ပြီး ကြိုးပမ်းနေတာ ဖြစ်ပါတယ်။

မက်ကရွမ်နဲ့ တခြားဥရောပ ခေါင်းဆောင်တွေက ယူကရိန်းသမ္မတ ဇီလန်စကီး၊ အမေရိကန် ငြိမ်းချမ်းရေးဆွေးနွေးပွဲ အထူးကိုယ်စားလှယ် စတိဗ် ဝစ်ကော့တို့နဲ့ တွေ့ဆုံပြီး ယူကရိန်းအတွက် ရေရှည် စစ်ရေး အထောက်အပံ့ ရရှိနိုင်မယ့် နည်းလမ်းတွေကို ဆွေးနွေးခဲ့ကြတာပါ။
သမ္မတ ဇီလန်စကီးက အမေရိကန် ကိုယ်စားလှယ်နဲ့ နှစ်ဦးတည်း တံခါးပိတ် ဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်းလည်း သိရပါတယ်။
ယူကရိန်းမှာ နိုင်ငံပေါင်း ၂၆ နိုင်ငံရဲ့ တပ်ဖွဲ့ဝင်တွေ ချထားမှာ ဖြစ်ပေမယ့် ရုရှားကို တိုက်ခိုက်ဖို့အတွက် မရည်ရွယ်ဘဲ နောက်ထပ် ရန်စမှုတွေ မရှိရအောင် ကာကွယ်ဖို့အတွက် ဖြစ်တယ်လို့ မက်ကရွမ်က ဇီလန်စကီးနဲ့ အတူ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ယူကရိန်းအတွက် လုံခြုံရေး အာမခံချက်ပေးရေး အစီအစဉ် အသေးစိတ်ကို အမေရိကန်နဲ့ ဆက်လက် ဆွေးနွေးပြီး အပြီးသတ် ဆုံးဖြတ်မယ်လို့ မက်ကရွမ်က ဆိုတာပါ။
အခုလို တွေ့ဆုံပြီးနောက်မှာ ဥရောပခေါင်းဆောင်တွေက အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်နဲ့လည်း ဖုန်းနဲ့ ဆက်သွယ်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။
ယူကရိန်းကို ကူညီပေးမယ့် မဟာမိတ်အဖွဲ့ကို ပြင်သစ်နဲ့ ဗြိတိန်တို့က ဦးဆောင်နေတာ ဖြစ်ပါတယ်။
Ref:Agencies