ရေး ၊ စက်တင်ဘာ ၆

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာန DoD နဲ့ လူထုတော်လှန်ရေးမဟာမိတ်အင်အားစု PRA – Magway တို့ နိုင်ငံရေးအရ ပူးပေါင်းပြီး စစ်ရေးအရပါ အပြန်အလှန် ကူညီရပ်တည်ပေးဖို့ သဘောတူညီခဲ့ကြတယ်လို့ စက်တင်ဘာ ၃ ရက်နေ့က ပူးတွဲထုတ်ပြန်ပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၃၀ ရက်နေ့မှာ MSFC ကာကွယ်ရေးဌာနမှူးနဲ့ကိုယ်စားလှယ်အဖွဲ့တို့ဟာ PRA – Magway က ဥက္ကဌ ရဲဘော်နေမွန် ဦးဆောင်တဲ့ ဗဟိုကော်မတီဝင်တွေရဲ့ ပထမအကြိမ် တွေ့ဆုံမှုကို အွန်လိုင်းကနေ ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

တွေ့ဆုံမှုအတွင်း စစ်ကော်မရှင်က၂၀၂၅ မှာ ပြုလုပ်မယ့် ရွေးကောက်ပွဲကို ဆန့်ကျင်သွားဖို့ အပါ အဝင် မွန်ပြည်ဖက်ဒရယ်ကောင်စီနဲ့ PRA – Magway တို့ နိုင်ငံရေးအရ ပူးပေါင်းသွားဖို့နဲ့ တစ်ဘက်နဲ့တစ်ဘက် စစ်ရေး နိုင်ငံရေးအရ အပြန်အလှန် ကူညီရပ်တည်သွားဖို့ သဘောတူညီခဲ့ကြတာပါ။

MSFC ကာကွယ်ရေးဌာနမှူး တလနိုင်က အားလုံး အတူတကွ တော်လှန်မှသာ စစ်အာဏာရှင်တိုက်ပွဲကို အမြန်ဆုံးပြီးမြောက်မှာဖြစ်လို့ စစ်ရေးအရရော နိုင်ငံရေးအရပါ လက်တွဲလုပ်ဆောင်သွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။

“ကျွန်တော်တို့ ဒီနွေဦးတော်လှန်ရေးမှာပေါ်ပေါက်လာတဲ့ လက်နက်ကိုင်တော်လှန်ရေးအဖွဲ့အစည်းတွေရော နိုင်ငံရေးရ လှုပ်ရှားနေတဲ့ အဖွဲ့အစည်းတွေရော အားလုံး အတူတကွ အတူတူ ပေါင်းစပ်ပေါင်းစည်းပြီးတော့ အတူတကွ တော်လှန်ကြမှသာလျှင် စစ်အာဏာရှင်တိုက်ပွဲက အမြန်ဆုံးပြီးမြောက်မှာ ဖြစ်တယ်။ ဒါကြောင့်မို့လို့ ကျွန်တော်တို့ အတူတကွလက်တွဲပြီး လုပ်ဆောင်မယ်လို့ စစ်ရေးအရရော နိုင်ငံရေးအရ အတူတူလက်တွဲလုပ်ဆောင်သွားမယ်လို့ ကျွန်တော်တို့ ပြောတာ ဖြစ်ပါတယ်” လို့ ဆိုပါတယ်။

မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ကာကွယ်ရေးဌာနအနေနဲ့ ဘုံရန်သူတူတဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ မဟာမိတ်ဖွဲ့နိုင်သလို အတူတကွ ပူးပေါင်းလုပ်ဆောင်နိုင်တာဖြစ်လို့ ပြည်နယ်အတွင်းရော ပြင်ပကအဖွဲ့အစည်းတွေနဲ့ပါ ချိတ်ဆက်နေတာလို့ သူက ဆက်ပြောပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို ဆန့်ကျင်သွားမယ့် ကိစ္စနဲ့ ပတ်သက်ပြီး နှစ်ဘက်အဖွဲ့ရဲ့ သက်ဆိုင်ရာ လှုပ်ရှားနယ်မြေတွေနဲ့စိုးမိုးထိန်းချုပ်နယ်မြေတွေမှာ အကောင်အထည်မဖော်နိုင်အောင် လုပ်လို့ရတဲ့ဘက်ကနေ အတတ်နိုင်ဆုံး တားဆီးသွားမယ်လို့ တလနိုင်က ဆိုပါတယ်။

စစ်ကော်မရှင်က ဦးဆောင်ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲ အပိုင်း ၁ ကို ဒီဇင်ဘာ ၂၈ ရက်နေ့မှာ နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ စတင်ပြုလုပ်သွားမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲ‌ကော်မရှင်က အသိပေးထားတာပါ။

အပိုင်း ၁ မှာ မွန်ပြည်နယ်က ကျိုက်ထို၊ ကျိုက်မရော၊ ချောင်းဆုံ၊ မော်လမြိုင်နဲ့ သထုံမြို့နယ်တို့ ပါဝင်ပြီး မ‌ကွေးတိုင်းမှာတော့ချောက်၊ ရေနံချောင်း၊ ပခုက္ကူ၊ တောင်တွင်းကြီး၊ မကွေးနဲ့ ပွင့်ဖြူ စတဲ့ ၉ မြို့နယ်အထိ ထည့်သွင်းထားတာ ဖြစ်ပါတယ်။

ဒီအခြေအနေမှာ ပထဝီအနေအထားအရအလှမ်းဝေးကွာနေတဲ့ MSFC ကာကွယ်ရေးဌာနနဲ့ PRA – Magway တို့ ပထမကြိမ် တွေ့ဆုံမှုဟာ တော်လှန်ရေးအတွက် အကျိုးသက်ရောက်မှုတွေရှိတယ်လို့ တလနိုင်က အခုလို ပြောပြပါတယ်။

“ကျွန်တော်တို့ကသူတလူ ကိုယ်တမဲ တစ်ယောက်တစ်ပေါက်နဲ့ တော်လှန်တိုက်ခိုက်နေကြတဲ့ အ ခြေအနေနဲ့ ဆိုရင် ကျွန်တော်တို့ရဲ့ရည်မှန်းချက်ပန်းတိုင်က ဝေးနေဦးမှာဖြစ်တယ်။ ဒါကြောင့်မို့ ကျွန်တော်တို့ လိုချင်တဲ့ပန်းတိုင်ကို အမြန်ဆုံးရောက်ဖို့က ဒီနိုင်ငံတွင်းထဲမှာ ရှိတဲ့ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့အစည်းတွေ နိုင်ငံရေးအရ တော်လှန်နေကြတဲ့ အဖွဲ့အစည်းတွေ အားလုံး စု ပေါင်း စပ်ပေါင်းပြီးတော့ အတူတူတော်လှန်တိုက်ပွဲဝင်မှသာ ကျွန်တော်တို့ သွားချင်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ရောက်မှာဖြစ်တဲ့အတွက် အတူတကွ အခုလို ချိတ်ဆက်ဆောင်ရွက်ပြီးတော့ တွေ့ဆုံဆွေးနွေးကြတာ ဖြစ်ပါတယ်”လို့ ဆိုပါတယ်။

တွေ့ဆုံမှုအတွင်း ၂၀၂၁ စစ်အာဏာသိမ်းယူခဲ့ချိန်ကစပြီး ၂၀၂၅ ခုနှစ် ဩဂုတ်အထိ မြန်မာနိုင်ငံတွင်း ဖြစ်ပေါ်နေတဲ့ နိုင်ငံရေး စစ်ရေးအခြေအနေတွေနဲ့လူထုအပေါ် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေတဲ့ စစ်ကော်မရှင်ကို တိုက်ခိုက်ချေမှုန်းသွားဖို့ ဆွေးနွေးခဲ့ကြတာပါ။

ဒါ့အပြင် အာဏာရှင်ဟူသမျှ အမြစ်ပြတ်တဲ့အထိအတူတကွ ပူးပေါင်းတိုက်ခိုက်ပြီး ဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်နိုင်တဲ့အထိ အတူတကွ တိုက်ပွဲဝင်သွားဖို့ကိုလည်း ဆွေးနွေးခဲ့ကြတယ်လို့ ပူးတွဲထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

MSFC ကာကွယ်ရေးဌာနရဲ့ ကွပ်ကဲမှုအောက်မှာ မွန်ပြည်တော်လှန်ရေးတပ်MSRF ရှိနေပြီး မွန် ပြည်နယ်က မုဒုံ၊ သံဖြူဇရပ်နဲ့ ရေးမြို့နယ်အပြင် တနင်္သာရီတိုင်းထဲက ရေဖြူ ၊ ကလိန်အောင်နဲ့ သရက်ချောင်းမြို့နယ်အထိတပ်ဖွဲ့ဝင်တွေကို ဖြန့်ကျက်ပြီး စစ်ရေးလှုပ်ရှားနေတာပါ။

ဒါအပြင် ရေးပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF နဲ့လည်း နိုင်ငံရေး စစ်ရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ မွန်ပြည်ဖက်ဒရယ်ကောင်စီမှာ အဖွဲ့ဝင်တစ်ရပ်အဖြစ် တည်ရှိနေပါတယ်။

PRA – Magway ကတော့ ရခိုင်-မကွေးနယ်စပ်မျဉ်းတလျှောက်မှာ စစ်ရေးလှုပ်ရှားသလို မကွေး တိုင်းရှိ စစ်ကော်မရှင်ရဲ့ ကပစ စက်ရုံတွေကိုလည်း ဦးတည်တိုက်ခိုက်ပြီး အာရက္ခတပ်တော် AA အပါအဝင် အခြားလက်နက်ကိုင်တပ်တွေနဲ့လည်းစစ်ရေးမဟာမိတ်အဖြစ် ဖွဲ့စည်းထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MSFC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.