လန်ဒန်၊ စက်တင်ဘာ ၅
စွဲချက်အမျိုးမျိုးနဲ့ ဖမ်းဆီး ထိန်းချုပ်ခံထားရတဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေး အခြေအနေ ဆိုးရွားနေတာကြောင့် အရေးပေါ်ကျန်းမာရေး စောင့်ရှောက်မှု ခံယူခွင့်ပြုရေး သားဖြစ်သူ ကင်အဲရစ်က စစ်တပ်ကိုတောင်းဆိုပြီး နိုင်ငံတကာက ကြားဝင် ဖြေရှင်းပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
အသက် ၈၀ ရှိပြီ ဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နှလုံးကျန်းမာရေး အခြေအနေ ပိုဆိုးလာနေတယ်လို့ ကင်အဲရစ်က The Independent သတင်းဌာနသို့ ပြောပါတယ်။
ကျွန်တော့် အမေရဲ့ ကျန်းမာရေး အဆိုးဖက်ကို ပြောင်းလာတယ်လို့ ကြားသိရတာကြောင့် စိတ်ဒုက္ခရောက်နေရကြောင်း ကင်အဲရစ်က ဆိုတာပါ။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ နှလုံးရောဂါ အခြေအနေ ပိုဆိုးလာတာကြောင့် အကျဉ်းထောင် ပြင်ပက နှလုံးအထူးကု ဆရာဝန်နဲ့ ပြသခွင့်ရဖို့ လိုအပ်နေပြီး ခွင့်တောင်းထားပေမယ့် တွေ့ခွင့်ရ၊မရ ဆိုတာကိုတော့ မိမိအနေနဲ့ သိရဖို့ နည်းလမ်း မရှိဘူးလို့ ကင်အဲရစ်က ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးဖို့ ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝီလီယံ ဟေ့ဂ်က မြန်မာ စစ်ခေါင်းဆောင်တွေကို တောင်းဆိုထားပါတယ်။
သူ့ကို ပြန်လွှတ်ပေးဖို့ ပြီးခဲ့တဲ့နှစ်ကလည်း ဗြိတိန် နိုင်ငံခြားရေးဝန်ကြီးဟောင်း သုံးဦးက တောင်းဆိုခဲ့ပြီး သူဟာ ဆိုးရွားတဲ့ အခြေအနေတွေနဲ့ ထိန်းသိမ်းခံနေရတယ်လို့ ပြောကြားခဲ့ပါတယ်။
မိခင်ဖြစ်သူ ပြန်လွတ်မြောက်ရေး နိုင်ငံတကာက ကူညီပေးဖို့ ကင်အဲရစ်က တိုက်တွန်းထားပြီး တရားမျှတမှု မရှိဘဲ ဖမ်းဆီးခံထားရတဲ့ ဒေါ်အောင်ဆန်းစုကြည် လွတ်မြောက်ရေး အရေးတကြီး လိုအပ်နေပြီလို့ ပြောပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ဟာ နိုင်ငံရေးအရ စွပ်စွဲထားတဲ့ စွဲချက်တွေ အများကြီးနဲ့ ထောင်ဒဏ် ၃၃ နှစ် ချမှတ်ခံထားရတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရှိ အကျဉ်းထောင်တွေထဲက အခြေအနေတွေ ဆိုးရွားလွန်းပြီး ရာသီဥတုဒဏ်ကိုလည်း အကျဉ်းသားတွေ မခံနိုင်လောက်အောင် ဖြစ်နေရတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ စီးပွားရေးအကြံပေးဟောင်း သြစတြေးလျ ပညာရှင် ရှောင်တာနယ်က ပြောခဲ့ဖူးပါတယ်။
Ref:The Independent