ဘန်ကောက်၊ စက်တင်ဘာ ၅

ထိုင်းဝန်ကြီးချုပ်ဟောင်း သက်ဆင် ရှင်နာဝါထရာဟာ လွှတ်တော်က ဝန်ကြီးချုပ် အသစ်ရွေးချယ်မယ့်နေ့ မတိုင်ခင် တစ်ရက်၊ သူ ထောင်ဒဏ်ချမှတ်ခံရနိုင်တဲ့ တရားရုံး ဆုံးဖြတ်ချက် မထွက်လာခင် စက်တင်ဘာ ၄ ရက်မှာ ပြည်ပသို့ လေယာဉ်နဲ့ ထွက်ပြေးတိမ်းရှောင်သွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ သြဇာကြီးပြီး ဘီလျံနာ တစ်ယောက်ဖြစ်တဲ့ သက်ဆင်ဟာ သူတည်ထောင်ခဲ့တဲ့ အာဏာရ ဖူထိုင်းပါတီရဲ့ ညွှန့်ပေါင်းအစိုးရ အဖွဲ့ ပရမ်းပတာ ဖြစ်နေပြီး ဝန်ကြီးချုပ် အသစ် ရွေးချယ်မှု မတိုင်ခင် ပြိုင်ဖက် ပါတီတွေရဲ့ စိန်ခေါ်မှုတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ပြည်ပကို တိမ်းရှောင်သွားတာ ဖြစ်ပါတယ်။

သူဟာ အရင်ကလည်း ပြည်ပမှာ စုစုပေါင်း ၁၅ နှစ် တိမ်းရှောင် နေထိုင်ခဲ့ဖူး ပါတယ်။

သူ့ရဲ့ မဟာမိတ်တွေ အာဏာရလာပြီးနောက် ၂၀၂၃ ခုနှစ်မှာ သက်ဆင်ဟာ ထိုင်းနိုင်ငံသို့ ပြန်ရောက်လာခဲ့ပြီး ထောင်ဒဏ် ချမှတ်ခံခဲ့ရပေမယ့် ကျန်းမာရေး အကြောင်းပြချက်နဲ့ ဆေးရုံမှာပဲ လပေါင်းများစွာကြာ နေထိုင်ခဲ့ပါတယ်။

သက်ဆင်ပါဝင်နေတဲ့ အမှုတစ်ခုနဲ့ ပတ်သက်လို့ တရားရုံးက စက်တင်ဘာ ၉ ရက်မှာ ဆုံးဖြတ်ချက်ချဖို့ စီစဉ်ထားပြီး သူ့အနေနဲ့ ထောင်ဒဏ်ချမှတ်ခံရနိုင်ခြေရှိနေပါတယ်။

ပြည်ပသို့ ထွက်ခွာခွင့်မရှိဘူးလို့ သူ့ကို တရားရုံးက တားမြစ်ထားတာ မရှိဘူးလို့ အာဏာပိုင်တွေက အတည်ပြုပြီးနောက် သက်ဆင်ဟာ ဘန်ကောက်မြို့ ဒွန်မူအမ် လေဆိပ်ကနေ ဒေသစံတော်ချိန် ညနေ ၇ နာရီ ၁၇ မိနစ်မှာ ကိုယ်ပိုင်လေယာဉ်နဲ့ ထွက်ခွာသွားတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။

T7GTS နံပါတ် တပ်ထားတဲ့ လေယာဉ်ဟာ ကနဦးမှာ စင်ကာပူသို့ ဦးတည်ပျံသန်းသွားပေမယ့် မလေးရှားနိုင်ငံပေါ်က ပျံသန်းပြီး ကပ္ပလီပင်လယ်ပေါ်မှာ လူးလာခေါက်ပြန် ပျံသန်းပြီးနောက် အနောက်ဖက်သို့ ဦးတည်သွားတယ်လို့ လေကြောင်းပျံသန်းမှု စောင့်ကြည့်သူတွေက ပြောပါတယ်။

သက်ဆင်နိုင်ငံထဲက ထွက်သွားတာကို သတိမပြုမိပေမယ့် လာမယ့် သီတင်းပတ်မှာ တရားရုံးသို့ တက်ရောက်မယ်လို့ ပြောထားတဲ့ အကြောင်း သူ့ရဲ့ရှေ့နေ ဝင်ယတ် ချတ်မွန်ထရီက ရိုက်တာသတင်းဌာနသို့ ပြောပါတယ်။

သက်ဆင်ရဲ့ လှုပ်ရှားမှုတွေနဲ့ ပတ်သက်လို့ ဖူထိုင်းပါတီ ပြောရေးဆိုခွင့်ရှိသူက မှတ်ချက်ပြုပေးဖို့ ငြင်းဆိုထားပါတယ်။

အသက် ၇၆ နှစ်အရွယ် သက်ဆင်ဟာ ဖူထိုင်းပါတီနောက်ကွယ်က မောင်းနှင်အား ဖြစ်ပြီး မကြာသေးခင်က ထုတ်ပယ်ခံရတဲ့ ဝန်ကြီးချုပ်ဟောင်း ပေသွန်ထန်ရဲ့ ဖခင်ဖြစ်ပါတယ်။

Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.