ထားဝယ်၊ စက်တင်ဘာ ၆

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် အရှေ့တောဒေသမှာ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် နှစ်ဖက်တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသအခြေစိုက် တော်လှန်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁ ရက်နေ့ကစလို့ စစ်ကော်မရှင်တပ် စစ်ကြောင်းထိုးလာတာကြောင့် ထား ဝယ်အရှေ့တောဒေသ ဝကုန်းနဲ့ဘဝပင်ကျေးရွာအနီးပတ်ဝန်ကျင်းမှာ နှစ်ဖက်တိုက်ပွဲတွေ ပြင်းထန်နေတာပါ။

အဲဒီတိုက်ပွဲတွေဟာ စက်တင်ဘာ ၅ ရက်နေ့အထိ ဆက်လက်ဖြစ်ပွားနေပြီး နှစ်ဖက်ထိခိုက်သေဆုံးမှုတွေ ရှိနေတယ်လို့ ဆိုပါတယ်။

လက်ရှိမှာလည်း စစ်ကော်မရှင်စစ်ကြောင်းဟာ စစ်ကြောင်းပြန်မဆုတ်ဘဲ ရှေ့ဆက်တိုးနေတာကြောင့် နှစ်ဖက်တိုက်ပွဲ ပိုမိုပြင်းထန်လာမယ့် အခြေအနေမှာ ရှိနေပါတယ်။

စစ်ကော်မရှင်ဟာ ပြီးခဲ့တဲ့လကစလို့ ထားဝယ်အရှေ့တောဒေသကို ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ လုပ်ဆောင်နေတာဖြစ်ပြီး တိုက်ပွဲအတွင်း စစ်ကော်မရှင်ဘက်က ထိခိုက်သေဆုံးမှု များပြားနေတာပါ။

ပြီးခဲ့တဲ့ ဩဂုတ် ၂၁ ရက်နေ့ကလည်း သင်္ကန်းတုန်းကျေးရွာ တိုက်ပွဲအတွင်း စစ်ကော်မရှင်တပ်ဘက်က စစ်သား ၂၀ ဦး ထက်မနည်းသေဆုံးခဲ့သလို တော်လှန်ရေးပူးပေါင်းတပ်က တစ်ဦး သေဆုံးပြီး သုံးဦးထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.