မြဝတီ၊ စက်တင်ဘာ ၆

အာဏာသိမ်းစစ်ကောင်စီက ကျင်းပပြုလုပ်မယ့် ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး ကူညီဆောင်ရွက်ပေးသွားမယ်လို့ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)၊ ဗဟိုအကြံပေးနဲ့ ကွပ်ကဲရေးအဖွဲ့က စက်တင်ဘာ ၃ ရက်နေ့ ရက်စွဲနဲ့ ကြေညာချက်ထုတ်ပြန်လိုက်ပါတယ်။

လာမယ့် ဒီဇင်ဘာလမှာ ပြုလုပ်မယ့် မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲဟာ နိုင်ငံရဲ့ အနာဂတ်အတွက် ဒီမိုကရေစီစနစ်ကို ဦးတည်ကာ ပြည်သူတွေရဲ့ တည်ငြိမ်အေးချမ်းလုံခြုံတဲ့ဘဝကို ဖန်တီးနိုင်ဖို့ အရေးပါတယ်လို့ နားလည်ခံယူထားကြောင်း နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)က ထုတ်ပြောပါတယ်။

နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)အနေနဲ့ အခုကျင်းပမယ့် ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီတွေအပေါ် ခွဲခြားမှုမရှိဘဲ တရားမျှတစွာ ကူညီပြီး မဲဆန္ဒရှင်တွေရဲ့ မဲပေးပိုင်ခွင့်အပေါ် အန္တရာယ်မရှိစေဖို့ အထူးအလေးထား ကူညီဆောင်ရွက်သွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ဒီဇင်ဘာလမှာ ကျင်းပမယ့် မြန်မာနိုင်ငံရဲ့ရွေးကောက်ပွဲကို အပြည့်အဝထောက်ခံပြီး ကရင်ပြည်နယ်အတွင်း ရွေးကောက်ပွဲကိုတည်ငြိမ်လုံခြုံ တရားမျှတစွာကျင်းပနိုင်ဖို့နဲ့ အားလုံးပါဝင်တဲ့ရွေးကောက် ပွဲဖြစ်စေဖို့ ကူညီဆောင်ရွက်သွားမှာဖြစ်တယ်လို့ နယ်ခြားစောင့်တပ်(ကရင်ပြည်နယ်)က ထုတ်ပြန်ပါတယ်။

ကရင်နယ်ခြားစောင့်တပ် BGF ဟာ စစ်ကောင်စီလက်အောက်ခံအဖြစ်ကနေ ၂၀၂၄ ခုနှစ် ဇန်နဝါ ရီလ ကတည်းက နှုတ်ထွက်လိုက်တာဖြစ်ပြီး ကရင်အမျိုးသားတပ်မတော် KNA အဖြစ် အသွင်းကူးပြောင်း ပြောင်းလဲဖွဲ့စည်းသွားမယ်လို့ ပြောဆိုကြေညာထားသလို စစ်ကောင်စီနည်းတူ တပ်အင်အားစုဆောင်းတာတွေကိုလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU ကတော့ စစ်ကော်မရှင် ရွေးကောက်ပွဲကို ကရင်လက်နက်ကိုင်အ ဖွဲ့အစည်းတွေအပါအဝင် ကရင်ပြည်သူလူထုတွေ၊ ကရင်နိုင်ငံရေးအင်အားစုတွေ၊ နိုင်ငံရေးပါတီတွေနဲ့ ပြည်သူလူထုတစ်ရပ်လုံးက ပါဝင်ခြင်းမပြုလုပ်ဘဲ အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ ဆန့် ကျင်သွားဖို့ တိုက်တွန်းထုတ်ပြန်ထားပါတယ်။

လက်ရှိ ရွေးကောက်ပွဲကျင်းပမယ့် ဒီဇင်ဘာလမတိုင်ခင် ကရင်ပြည်နယ်အတွင်းမှာ စစ်ကော်မရှင်တပ်ရဲ့ တော်လှန်ရေးအင်အားစုတွေအပေါ် ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်အဟုန်မြှင့်လုပ်ဆောင်နေခဲ့ရာ အာရှလမ်းမကြီးအပါအဝင် နေရာတချို့မှာ တိုက်ပွဲတွေ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-BGF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.