မော်လမြိုင်၊ စက်တင်ဘာ ၅

မွန်ပြည်နယ်မှာ အာဏာသိမ်းစစ်ကော်မရှင် လက်အောက်ခံတွေက မကြာမီပြုလုပ်မယ့် အထွေထွေ ရွေးကောက်ပွဲ နီးလာတာနဲ့အမျှ စစ်မှုထမ်းဖို့အတွက် တပ်သားသစ် စုဆောင်းမှုတွေ ပိုမို ဆိုးရွားလာတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

စစ်ကော်မရှင် လက်အောက်ခံတွေဟာ အခုစက်တင်ဘာလအတွင်း ဖွင့်လှစ်မယ့် ပြည်သူ့ စစ်မှု ထမ်းသင်တန်း အပတ်စဉ် ၁၇ အတွက် ဆိုကာ လူငယ်တွေကို မရရတဲ့နည်းနဲ့ စစ်မှုထမ်း တပ်သား သစ် စုဆောင်းမှုတွေ ပြုလုပ်နေတာပါ။

လက်ရှိ စစ်မှုထမ်း စုဆောင်းနေတဲ့အထဲမှာတော့ စစ်ကော်မရှင် လက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေက ဆင့်ခေါ်စာ ပေးပို့ပြီး စုဆောင်းတာ၊ ညဘက် အပြင်ထွက်သူတွေကို ဖမ်းဆီးပြီး စုဆောင်းတာ အပြင် အလုပ်သွား အလုပ်ပြန်တွေကအစ ဖမ်းဆီး စုဆောင်းမှုတွေ ပိုမို ပြုလုပ်လာတယ်လို့ သိရပါတယ်။

မော်လမြိုင် ဒေသခံ တစ်ဦးကတော့ လက်ရှိ စစ်ကော်မရှင် လက်အောက်ခံတွေက စစ်မှုထမ်းအ တွက် ညဘက်တွေမှာ ဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်လာသလို တချို့ တစ်ယောက်တည်း သွားသူတွေ အလုပ်က ပြန်လာသူတွေကိုပါ စစ်ဆေးပြီး လူရှင်းရင် ကောက်တင်သွားတာတွေ ရှိတယ်လို့ ပြောပါတယ်။

“စစ်မှုထမ်းနဲ့ ပတ်သက်တာတော့ အဲ့ဒီလိုဖမ်းဆီးတာတော့ ဖမ်းဆီးတာပေါ့၊ ညညဉ့်နက်ရင် အခုက ၁၀ နာရီလောက်ဆိုရင် သိပ်မော်လမြိုင်မြို့မှာ အခြေအနေမကောင်းတော့ဘူး၊ သူတို့က လူအခြေအနေကြည့်တယ်၊ ဆိုင်ကယ်စီးလာတာတို့ တစ်ယောက်တည်းလို့ အဲဒီလိုမျိုးတွေပေါ့၊ တချို့ အလုပ်ပြန်တွေ လမ်းဘေးကနေ လျှောက်သွားနေတာတွေ အဲဒီလိုတွေပေါ့၊ သူတို့က ကားနဲ့လာတယ်၊ လာပြီး ကားထိုးရပ်တယ်၊ ဟိုစစ်သလို ဒီစစ်သလို လုပ်ပြီးတော့ လူရှင်းရင် ကောက်တင်သွားတယ်၊ ဒါက မော်လမြိုင်မှာ ညတိုင်းရှိတယ်”လို့ ဆိုပါတယ်။

အခုလို အတင်းအဓမ္မ ဖမ်းဆီးပြီး စစ်မှုထမ်းတပ်သားသစ် စုဆောင်းခံရသူတွေကို စစ်ကော်မရှင် လက်အောက်ခံတွေက မိသားစုဝင်တွေနဲ့ ပေးတွေ့တာမရှိဘဲ မိသားစုဝင်တွေက ကိုယ့်နည်းကိုယ့်ဟန်နဲ့ စုံစမ်းမှသာ တပ်သားသစ် စုဆောင်းခံရတာကို သိရှိရတယ်လို့ သူက ဆက်ပြောပါတယ်။

ဘီးလင်း ဒေသခံ တစ်ဦးကလည်း စစ်ကော်မရှင် လက်အောက်ခံတွေဟာ စစ်မှုထမ်းအတွက် နေ့ရောညပါ လူငယ်တွေကို ဖမ်းဆီးနေတဲ့အပြင်နေရာစုံမှာ ဖမ်းဆီးနေတာကြောင့် လူငယ်တွေအနေနဲ့ အပြင်မထွက်ရဲတဲ့ အနေအထားဖြစ်နေပြီလို့ ပြောပါတယ်။

“ဒီဘက်မှာကတော့ ဒီဘက်လေးမြို့နယ်မှာ ဘီးလင်းမြို့နယ် အဆိုးဆုံးဘဲ၊ အခုက နေ့ရော ညရောပဲလေ၊ စစ်တာဆေးတာတွေ ကလေးတွေ စုနေတာတို့ဆို ဝင်ဖမ်းတာပေါ့၊ ဟို့နေ့ကဆိုလို့ရှိရင် ဘီးလင်းပန်းခြံမှာ ဝိုင်းပြီးဖမ်းသွားတယ်၊ တစ်ခါ မနေ့ကလည်း ဂိတ်မှာ အလယ်ဂိတ်မှာ စစ်ဆေးပြီး ဖမ်းတယ်၊ ဘီးလင်းနဲ့ ကျွန်တော်တို့ တောင်စွန်းလမ်းထဲမှာကတော့ အဲဒီရဲနဲ့ ပစ (ပြည်သူ့စစ်) နဲ့ ပေါင်းပြီး ဖမ်းတယ်၊ ဇုတ်သုတ်သင်္ချိုင်းကုန်းမှာ စစ်ဆေးရေးဂိတ် လာထိုင်တယ်။ ထိုင်ပြီးတော့ အဲဒီမှာလည်း မသင်္ကာတာနဲ့ ဆွဲဖမ်းပဲ၊ လူငယ်တွေအနေနဲ့ စိုးရိမ်စိတ်ကတော့ နေ့ရော ညရော အပြင် မထွက်ရဲတဲ့ အနေအထားပဲ”လို့ ဆိုပါတယ်။

ဒါ့အပြင် အခုလို စစ်ကော်မရှင် လက်အောက်ခံတွေ အဖမ်းအဆီး ကြမ်းနေတာကြောင့် ဒေသတွင်းမှာ လူငယ် အများစု မနေရဲကြတော့သလို တချို့ လူငယ်တွေအနေနဲ့ ရှိတာ ပေါင်နှံရောင်းချပြီး နီးစပ်ရာ ထိုင်းနိုင်ငံကို တရားမဝင် သွားရောက်မှုတွေ များလာတယ်လို့ သူက ဆက်ပြောပါတယ်။

တဖက်မှာ စစ်ကော်မရှင်က သူတို့ လက်အောက်ခံ ရပ်/ကျေး အုပ်ချုပ်ရေးမှူးတွေကို စစ်မှုထမ်း သင်တန်းအတွက် တပ်သားသစ် အရေအတွက် ပြည့်မီအောင် ဖိအားပေး စေခိုင်းတာတွေ ပြုလုပ်နေပြီး လိုအပ်တဲ့ အရေအတွက် မစုဆောင်းနိုင်တဲ့သူတွေကိုတော့ ရာထူးကနေ ဖယ်ရှားတာတွေ ပြုလုပ်နေတယ်လို့ ရပ်/ကျေး အုပ်ချုပ်ရေး အဖွဲ့ဝင်တွေဆီက သိရပါတယ်။

လက်ရှိ စစ်ကော်မရှင်လက်အောက်ခံတွေဟာ ရွေးကောက်ပွဲ နီးလာတာနဲ့ အမျှ စစ်မှုထမ်းသင်တန်းအတွက်အပြင် ရွေးကောက်ပွဲ လုံခြုံရေးအတွက်ပါ တပ်သားသစ် စုဆောင်းတာတွေ ပိုမို လုပ် ဆောင်နေပြီး လူငယ်တွေကို ပုံစံအမျိုးမျိုးနဲ့ ပေါ်တာဆွဲ ဖမ်းဆီးမှုတွေဟာ ဆိုးဆိုးရွားရွား ဖြစ်လာတယ်လို့ ဒေသခံတွေက ဆိုပါတယ်။

မွန်ပြည်နယ်မှာတော့ သံလွင်တိုင်းမ်က ပြုစုထားတဲ့ အချက်အလက်တွေ အရ စစ်ကော်မရှင်က လစဉ် ဖွင့်လှစ်နေတဲ့ ပြည်သူ့ စစ်မှုထမ်းသင်တန်း အပတ်စဉ် ၁ မှ အပတ်စဉ် ၁၆ အထိ ဒေသတွင်းမှာ စစ်မှုထမ်းဖို့ တပ်သားအဖြစ် စုဆောင်းခံရသူပေါင်း ၂၇၀၀ ဝန်းကျင်အထိ ရှိလာပြီ ဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MOI

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.