ရေဖြူ၊ စက်တင်ဘာလ ၅

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ရေး-ထားဝယ်လမ်းပိုင်းမှာ လမ်းပိတ်ထားတာ ၁၀ ရက် ရှိလာလို့ ကုန်စိမ်းတွေ ပုပ်ကုန်တဲ့အတွက် စွန့်ပစ်နေရတယ်လို့ ကုန်စိမ်းတင်ယာဉ်မောင်းတွေထံကနေ သိရပါတယ်။

ပြီးခဲ့တဲ့ ဩဂုတ် ၂၅ ရက်နေ့ကနေ စက်တင်ဘာလ ၄ ရက်နေ့အထိဖြတ်သန်းသွားလာလို့ မရဘဲ အပိတ်ခံထားရပြီး တင်လာတဲ့ ကုန်တွေဟာ ရက်ကြာလာလို့ ပုပ်သိုးကုန်တာကြောင့် စွန့်ပစ် ရှင်းထုတ်နေရတယ်လို့ ဆိုပါတယ်။

အထားမခံတဲ့ ဂေါ်ဖီထုပ်၊ ခရမ်းချဉ်သီး၊ မုန်ညှင်းနဲ့ သားငါးတွေ ပုပ်ကုန်တာကြောင့် အများစုကို လမ်းဘေးဝဲယာမှာတင် ပစ်ချနေကြောင်း၊ လမ်းကိုလုံးဝ မဖွင့်ပေးတဲ့အပြင် ပိတ်မိနေတဲ့ ယာဉ် မောင်းတွေဟာ နေစရာစားစရာမရှိလို့ ဒုက္ခရောက်နေရတယ်လို့ ကုန်စိမ်းတင်ယာဉ်မောင်းတစ်ဦးက သံလွင်တိုင်းမ်ကို ပြောပါတယ်။

လမ်းပိတ်ထားတာ ရက်ကြာလာလို့ ကုန်စိမ်းကုန်သည်အများစုက ပစ္စည်းတွေပျက်စီးမှု အရှုံးနဲ့ရင်ဆိုင်နေကြရပြီး နောက်ကြောင်း ပြန်လှည့်လို့လည်းမရဘဲ အခက်အခဲတွေ ကြုံနေရတာပါ။

ကုန်တင်ယာဉ်မောင်းတွေက လမ်းဖွင့်ပေးဖို့ လက်နက်ကိုင်ဆောင်ထားသူတွေနဲ့ဆွေးနွေးနေပေမယ့် အဆင်မပြေသေးဘဲ လမ်းကဆက်လက် အပိတ်ခံထားရတာပါ။

စစ်ကောင်စီဘက်ကလည်း စစ်အင်အားတွေ ထပ်မံ ဖြည့်နေတာတွေရှိတာကြောင့် စစ်ရေးတင်းမာနေပြီး တိုက်ပွဲတွေလည်းဖြစ်ပွားနေတယ်လို့ သိရပါတယ်။

ဩဂုတ် ၂၇ ရက်နေ့လောက်ကစပြီး ရေဖြူမြို့နယ်ထဲက မိုင် ၆၀၊ သာယာမွန်ကျေးရွာတွေအနီးမှာ KNLA ပူးပေါင်းတပ်တွေဘက်ကနေ စစ်ရေးအခြေအနေအရ လမ်းပိတ်ထားတာကြောင့် ရန်ကုန် ဘက်ကလာတဲ့ ကုန်စည်တွေ ထားဝယ်မြို့ကိုမရောက်မလာတော့တာကြောင့် ဈေးနှုန်းမြင့်တက်ပြီး ပစ္စည်းပြတ်လပ်မှုတွေဖြစ်ပေါ်နေတယ်လို့ ဆိုပါတယ်။

စစ်ရေးတင်းမာနေတဲ့ မိုင် ၆၀၊ သာယာမွန်ကျေးရွာတွေအနီးမှာ အတက်အဆင်း ကုန်စည်ယာဉ်တွေနဲ့ခရီးသွားယာဉ် အစီးရေ ၅၀၀ ကျော်ခန့် ပိတ်မိနေတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.