မော်စကို၊ စက်တင်ဘာ ၄

ယူကရိန်း စစ်ပွဲကို ညှိနှိုင်းမှုတွေကတဆင့် အဆုံးသတ်နိုင်မယ့် နည်းလမ်းကို ပိုသဘောကျပေမယ့် စစ်ပွဲ အဆုံးသတ်ရေး အင်အားသုံးရမယ့် နည်းလမ်း တစ်ခုတည်းရှိတော့တယ် ဆိုရင်လည်း အဲဒီနည်းလမ်းအတိုင်း အင်အားသုံးဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က စက်တင်ဘာ ၃ ရက်မှာ ပြောကြားလိုက်ပါတယ်။

တရုတ်သို့ ဂတ်စ်ပိုက်လိုင်း အသစ်သွယ်တန်းရေး သဘောတူညီမှု ရရှိခဲ့တဲ့ ဘေဂျင်းခရီးစဉ်အပြီးမှာ သမ္မတ ပူတင်က ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပရဲ့ အကြီးမားဆုံး မြေပြင်စစ်ပွဲအတွက် အဖြေရှာရေး အမေရိကန်ရဲ့ ရိုးရိုးသားသား ကြိုးပမ်းမှုတွေကြောင့် အခြေအနေတစ်ခုမှာ အဖြေရှာတွေ့မယ်လို့ ယုံကြည်ကြောင်း ပြောဆိုခဲ့တာပါ။

ယူကရိန်း စစ်ပွဲကို ညှိနှိုင်းမှုတွေက တစ်ဆင့် မဖြေရှင်းနိုင်ဘူးဆိုရင် အင်အားသုံးပြီး အဆုံးသတ်ပစ်ဖို့ အဆင်သင့်ရှိတယ်လို့ ပူတင်က သတင်းထောက်တွေကို ပြောပါတယ်။

ယူကရိန်းရှိ ရုရှား စကားပြောသူတွေကို ခွဲခြား ဆက်ဆံမှု အဆုံးသတ်ရေး၊နေတိုးအဖွဲ့ဝင် ဖြစ်ဖို့ ကြိုးပမ်းမှုကို လက်လွှတ်ရေး အပါအဝင် ရုရှားရဲ့ ကာလကြာရှည် တောင်းဆိုထားမှုတွေနဲ့ ပတ်သက်လို့ ပူတင်က လေသံတော့ လျှော့မသွားပါဘူး။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇီလန်စကီးအနေနဲ့ မော်စကိုကို လာမယ်ဆိုရင် သူနဲ့ ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ပူတင်က ပြောပါတယ်။ ဒါပေမဲ့ အဲဒီလို တွေ့ဆုံမှုတွေကို ကောင်းကောင်း စီစဉ်ရမှာ ဖြစ်ပြီး ကောင်းမွန်တဲ့ ရလဒ်တွေဆီ ဦးတည်ရမှာ ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

နှစ်ဖက်တွေ့ဆုံမယ့် နေရာအဖြစ် မော်စကိုမြို့ကို သတ်မှတ်မှုဟာ လက်မခံနိုင်စရာ ဖြစ်တယ်လို့ ယူကရိန်း နိုင်ငံခြားရေးဝန်ကြီးက ဆိုပါတယ်။

ပူတင်နဲ့ တွေ့ဆုံဆွေးနွေးရေး သမ္မတ ဇီလန်စကီးက ဖိအားပေးတောင်းဆိုနေပေမယ့် နှစ်ဖက် တွေ့ဆုံနိုင်ဖို့က အဝေးကြီး လိုနေပါသေးတယ်။

အနောက်တိုင်းရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေကြောင့် ရုရှားရဲ့စီးပွားရေး ထိခိုက်တဲ့ လက္ခဏာတွေ တွေ့မြင်နေရချိန်မှာ ပူတင်က သူ့အနေနဲ့ ပဋိပက္ခကို သံတမန်ရေးအရ ဖြေရှင်းရတာကို ပိုသဘောကျတယ်လို့ ပြောဆိုလာတာ ဖြစ်ပါတယ်။

ယူကရိန်း ဒေသ လေးခုကို မိမိတို့ ပိုင်နက်ထဲ သွတ်သွင်းထားကြောင်း ရုရှားက ပြောဆိုထားချိန်မှာ အနောက်တိုင်းက ဒီလုပ်ရပ်ဟာ ကိုလိုနီခေတ်ပုံစံ တရားမဝင် နယ်မြေ သိမ်းပိုက်မှု ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။
Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.