မုဒုံ၊ စက်တင်ဘာလ ၅
မွန်ပြည်နယ် မုဒုံမြို့၊ ရွှေဟင်္သာဈေးအနီးမှာ စရဖသတင်းပေး တစ်ဦး ပစ်သတ်ခံရပြီးနောက် ညပိုင်းအချိန် စစ်ဆေးမှု ပိုများလာတယ်လို့ မြို့ခံတွေထံကသိရပါတယ်။
ပစ်ခတ်မှုဖြစ်ပွားခဲ့တဲ့ စက်တင်ဘာလ ၁ ရက်နေ့ ညပိုင်းကစပြီး ညတိုင်း မုဒုံကန်ကြီးအရှေ့၊ မြို့ဝင်မြို့ထွက်နေရာတွေနဲ့ မြို့တွင်းလမ်းတွေမှာပါ စစ်ဆေးမှုတွေပြုလုပ်လာတယ်လို့ဆိုပါတယ်။
စစ်ကော်မရှင်၊ ရဲတပ်ဖွဲ့၊ ပြည်သူ့စစ်နဲ့ အပြာဝတ်အဖွဲ့တွေဟာ ညအချိန်တွေမှာ ဆိုင်ကယ်တွေနဲ့ မော်တော်ယာဉ်တွေကို အသေးစိတ် စစ်ဆေးတာတွေရှိနေပြီး အခုလို အစစ်အဆေးတင်းကျပ်မှုတွေကြောင့် မြို့ခံတွေက အဲဒီနေရာတွေကို ရှောင်ကွင်းသွားလာနေကြရတယ်လို့ မြို့ခံတစ်ဦးက ပြောပါတယ်။
စစ်ကော်မရှင်ဘက်က စစ်ဆေးမှုတင်းကျပ်တာတွေ လုပ်တာရှိနေပေမယ့် မြို့ခံတွေ ဖမ်းဆီးခံရတာမျိုးတော့ မရှိဘူးလို့ ဆိုပါတယ်။
ပစ်ခတ်မှုမဖြစ်ခင်က မုဒုံမှာ ညပိုင်းစစ်ဆေးမှုတွေမရှိလို့ ဒေသခံတွေက ညပိုင်း ၁၂ နာရီလောက်အထိ လမ်းပေါ်မှာသွားလာနိုင်ခဲ့ပြီး မြို့အဝင်အထွက်ဂိတ်တွေမှာဆိုရင်လည်း ရံဖန်ရံခါမှသာ စစ်ဆေးမှုတွေ လုပ်ဆောင်လေ့ရှိခဲ့တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်ပြီးနောက်မှာတော့ ည ၉ နာရီလောက်ကနေ ၁၁ နာရီလောက်ထိ ညစဉ် စစ်ဆေးမှုတွေရှိလာပြီး တနေရာတည်း အတည်တကျ စစ်ဆေးတာမျိုးမရှိဘဲ နေရာစုံလှည့်ပတ်သွားလာနေပြီး စစ်ဆေးနေတာလို့ ဆိုပါတယ်။
စက်တင်ဘာ ၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ ဆိုင်ကယ် စီးနင်းလာတဲ့ မြို့မ (၃) ရပ်ကွက်နေထိုက်သူ စရဖ သတင်းသက်တမ်း ၁၀ နှစ်ခန့်ရှိတဲ့ ကိုမျိုးဆိုသူကို မုဒုံမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်ခဲ့ရာ သေနတ်ဒဏ်ရာ ခြောက်ချက်ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-CJ