နေပြည်တော်၊ စက်တင်ဘာ ၅
အာဏာသိမ်း စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို လုံးဝ အသိအမှတ်မပြုဖို့ အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ခေါင်းဆောင်တွေထံ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က စက်တင်ဘာ ၃ ရက်နေ့မှာ စာတစ်စောင်ပေးပို့ပြီး အရေးတကြီးတောင်းဆိုလိုက်ပါတယ်။
၂၀၂၅ ခုနှစ် ရွေးကောက်ပွဲကို ကျင်းပဖို့ စစ်ကော်မရှင် စီစဉ်နေတဲ့အပေါ် နိုင်ငံတကာ အရပ်ဘက်လူမှုအဖွဲ့အစည်း ၃၁၅ ဖွဲ့က အတုအယောင် ရွေးကောက်ပွဲအဖြစ် ကြေညာလိုက်ပြီးဖြစ်တယ်လို့ အာဆီယံခေါင်းဆောင်တွေထံ ပေးပို့တဲ့စာမှာ ဖော်ပြပါတယ်။
စစ်ကောင်စီရဲ့ ရွေးကောက်ပွဲဟာ အာဆီယံရဲ့ သဘောတူညီချက် ငါးချက်နဲ့ ဆန့်ကျင်နေပြီး အကျပ် အတည်းကို ပိုမိုဆိုးရွားစေမှာဖြစ်သလို မြန်မာ့ပဋိပက္ခဟာ ဒေသတွင်းလုံခြုံရေးကို ခြိမ်းခြောက်နေတာကြောင့် အာဆီယံအနေနဲ့ ရဲရဲတင်းတင်း လုပ်ဆောင်ဖို့ အရေးကြီးတယ်လို့ တိုက်တွန်းထားတာပါ။
အာဆီယံအနေနဲ့ ၂၀၂၅ ရွေးကောက်ပွဲဟာ တရားဝင်မှုမရှိကြောင်း အများပြည်သူသိရှိအောင် ကြို တင်ကြေညာဖို့၊ စစ်ကောင်စီကို နည်းပညာနဲ့ ငွေကြေးဆိုင်ရာ အကူအညီတွေ ဘယ်နည်းနဲ့မှ မပေးအပ်ဖို့နဲ့ ရွေးကောက်ပွဲလေ့လာသူတွေကို စေလွှတ်ခြင်း မပြုဖို့ တောင်းဆိုထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် စစ်ခေါင်းဆောင်တွေ သူတို့ရဲ့ မိသားစုဝင်တွေနဲ့ ဆက်စပ်နေတဲ့ လုပ်ငန်းတွေကို ပစ်မှတ်ထားပြီး အရေးယူဖို့လည်း ပေးပို့တဲ့စာမှာ တိုက်တွန်းထားတာ တွေ့ရပါတယ်။
မြန်မာပြည်သူတွေရဲ့ တရားဝင်ကိုယ်စားလှယ်တွေဖြစ်ကြတဲ့ NUG၊ NUCC နဲ့ ဖက်ဒရယ်ယူနစ်တွေ၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ တိုက်ရိုက်ဆက်သွယ် လုပ်ဆောင်သင့်တယ်လို့ အာဆီယံကို အကြုံပြုထားတာပါ။
လူထုအတွက် ပေးအပ်တဲ့ အကူအညီတွေကိုလည်း စစ်ကောင်စီနဲ့ မပတ်သက်တဲ့ လမ်းကြောင်းတွေကနေတဆင့် ပေးပို့သင့်တယ်လို့ နိုင်ငံတကာ အရပ်ဘက်အဖွဲ့အစည်း ၃၀၀ ကျော်က ပေးပို့တဲ့စာမှာ တိုက်တွန်းထားတာ ဖြစ်ပါတယ်။
စစ်ကောင်စီအနေနဲ့ နိုင်ငံရဲ့ ၂၁ ရာခိုင်နှုန်းကိုသာ ထိန်းချုပ်ထားနိုင်ပြီး ကျန်ဒေသတွေကိုတော့ အ မျိုးသားညီညွတ်ရေးအစိုးရ NUG နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေက အုပ်ချုပ်ကာကွယ်ထားတယ်လို့ ဆိုပါတယ်။
တစ်ဘက်မှာ စစ်ကော်မရှင်က လေကြောင်းတိုက်ခိုက်မှုပေါင်း ၇,၀၀၀ ကျော်နဲ့ ပြည်သူတွေကို ခြိမ်းခြောက်နေတာကြောင့် စစ်ရှောင်ဦးရေ ၃ ဒသမ ၅ သန်းကျော် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ထောက်ပြထားတာပါ။
မြန်မာပြည်သူတွေဟာ စစ်အာဏာရှင်စနစ်ကို လေးနှစ်ကြာ အပြင်းအထန် တိုက်ပွဲဝင်နေကြတာကြောင့် အာဆီယံရဲ့ ဂုဏ်သိက္ခာဟာ မြန်မာပြည်သူတွေဘက်က ရပ်တည်ခြင်း ဒါမှမဟုတ် စစ်ကော်မရှင်ကို အသိအမှတ်ပြုခြင်းအပေါ် မူတယ်နေတယ်လို့ ဆိုပါတယ်။
ဒါကြောင့် အလိမ်အညာရွေးကောက်ပွဲကို ပယ်ချပြီး တရားဝင် ကိုယ်စားလှယ်တွေနဲ့ ဆက်သွယ်လုပ် ဆောင်ခြင်းကသာ အာဆီယံရဲ့ စည်းလုံးညီညွတ်မှုနဲ့ ယုံကြည်စိတ်ချရမှုကို မြှင့်တင်နိုင်မယ်လို့ ကမ္ဘာတဝန်းရှိ မြန်မာ့ဒီမိုကရေစီရေးဆိုင်ရာ အဖွဲ့အစည်းတွေက အခုစာကို လက်မှတ်ရေးထိုး ထောက်ခံထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-SAC/Asean