မုဒုံ၊ စက်တင်ဘာ ၃

လုံခြုံရေးအထူး တင်းကျပ်ထားတဲ့ မွန်ပြည်နယ် မုဒုံမြို့ ရွှေဟင်္သာဈေးအနီးမှာ စစ်ကော်မရှင်ရဲ့စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ သတင်းပေး တစ်ဦး ပစ်သတ်ခံလိုက်ရတယ်လို့ ဒေသခံတွေအပါအဝင်တော်လှန်ရေးတပ်ဖွဲ့တွေထံကနေ သိရပါတယ်။

စက်တင်ဘာ ၁ ရက်နေ့ ည ၇ နာရီအချိန်ခန့်မှာ မြို့မ(၃)ရပ်ကွက်နေ ဆိုင်ကယ်နဲ့ထွက်လာတဲ့ စရဖ သတင်းပေး ကိုမျိုးဆိုသူကို မုဒုံမြို့နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့နဲ့ပူးပေါင်းအဖွဲ့တွေက သေနတ်နဲ့ ပစ်ခတ်သွားတာပါ။

သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် စရဖ သတင်းပေး ကိုမျိုးဟာ သေနတ်ဒဏ်ရာ ခြောက်ချက် ရရှိပြီး အခင်းဖြစ်ရာနေရာမှာပဲ သေဆုံးခဲ့ပါတယ်။

သေဆုံးသွားတဲ့ သတင်းပေး ကိုမျိုးဟာ မုဒုံမြို့၊ မြို့မ ၃ ရပ်ကွက်မှာ နေထိုင်သူဖြစ်ပြီး စရဖ သ တင်းပေး လုပ်နေတာ ၁၀ နှစ်ကျော်ပြီလို့ ဒေသခံတွေက ဆိုပါတယ်။

ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကော်မရှင်ဘက်က မြို့တွင်း လုံခြုံရေးတင်းကျပ်ပြီး ပိတ်ဆို့ရှာဖွေ စစ်ဆေးတာတွေ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။

စစ်ကော်မရှင်ဟာ ရွေးကောက်ပွဲအတွက် မုဒုံမြို့အဝင်ထွက်နေရာတွေမှာ လုံခြုံရေးတိုးမြှင့်ထားပြီး ခရီးသွားပြည်သူတွေကို ပိတ်ဆို့စစ်ဆေးမှုတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.