မော်လမြိုင် ၊ စက်တင်ဘာ ၃

မွန်ပြည်နယ်မှာ အာဏာသိမ်း စစ်ကော်မရှင်က ပြုလုပ်မယ့် အထွေထွေရွေးကောက်ပွဲကို နိုင်ငံရေးပါတီ ၁၁ ပါတီ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စုရွေး ကောက်ပွဲ ကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

ဒေသတွင်းမှာတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် ရွေးကောက်ပွဲကို ပြည်ထောင်စုတစ်ဝန်းလုံး စည်းရုံးမယ့် နိုင်ငံရေးပါတီ ၉ ပါတီနဲ့ ပြည်နယ်အတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီ ၂ ပါတီ ဝင်ရောက် ယှဉ်ပြိုင်ဖို့ ရှိနေတာပါ။

ပြည်ထောင်စုတစ်ဝန်း စည်းရုံးမယ့်ပါတီထဲမှာတော့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီ၊ ပြည်သူ့ရှေ့ဆောင်ပါတီ၊ ပြည်သူ့ပါတီ၊ အမျိုးသားနိုင်ငံ ရေး ဒီမိုကရက်တစ်ပါတီ၊ ရှမ်းနှင့် တိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (ကျားဖြူပါတီ)၊ မြန်မာ နိုင်ငံတောင်သူလယ်သမား ဖွံ့ဖြိုးတိုးတက်ရေးပါတီ၊ အမျိုးသား ဒီမိုကရေစီအင်အားစုပါတီနဲ့ အမျိုးသမီးပါတီ(မွန်)တို့ ဖြစ်ပါတယ်။

ဒါ့အပြင် ပြည်နယ်အတွင်း စည်းရုံးမယ့် နိုင်ငံရေးပါတီတွေထဲမှာတော့ မွန်ပြည်နယ်အခြေစိုက် မွန်ညီညွတ်ရေးပါတီနဲ့ ပအိုဝ်း အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီတို့က ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ စစ်ကော်မရှင် လက်အောက်ခံ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

လွှတ်တော် ကိုယ်စားလှယ်ဟောင်း တစ်ဦးဖြစ်တဲ့ ဦးအောင်ကျော်သူကတော့ စစ်ကော်မရှင်က ပြု လုပ်မယ့် ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့်ပါတီတွေဟာ သူတို့ပါတီခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးစီးပွားကြောင့် ဖြစ်နိုင်ပြီး သူတို့ နိုင်ငံရေး သမိုင်းကို သူတို့ကိုယ်တိုင် အမဲစက်ဆိုးတာ ဖြစ်တယ်လို့ ဝေဖန်ပါတယ်။

“ပထမတစ်ချက်ကတော့ စစ်တပ်ကိုက်ပြီးသား အရိုးအကြွင်းအကျန်လေးတွေ ကိုက်ရမလား ဆိုတဲ့ စိတ်ကူးရှိနိုင်တယ်။ နောက်ပြီးတော့ သူတို့ရဲ့ ပါတီ ခေါင်းဆောင်တွေ ပါတီဥက္ကဋ္ဌတွေနဲ့ ပတ် သက်တဲ့ ကိုယ်ကျိုးစီးပွားတွေဆိုင်ရာ ဖိအားတချို့ကြောင့်လည်း ဖြစ်နိုင်တယ်။ သူတို့ရဲ့ နိုင်ငံရေးသမိုင်းကို သူတို့ကိုယ်တိုင် အမဲစက် ဆိုးကြတာပဲ။ ဘယ်သူသေသေ ငတေမာရင် ပြီးရောဆိုတဲ့ ပါတီတွေ ဖြစ်တယ်ဆိုတာကို တရားဝင် ကြေညာလိုက်သလိုပဲပေါ့နော်” လို့ ဆိုပါတယ်။

ဒါ့အပြင် အာဏာသိမ်း စစ်ကော်မရှင်ရဲ့ ရွေးကောက်ပွဲကနေ ထွက်ပေါ်လာမယ့် အစိုးရဟာ စစ်ကော်မရှင်ရဲ့ ထိန်းချုပ်မှု အောက်မှာရှိမှာဖြစ်တဲ့အတွက် ဘာမှ ထူးလာမှာ မဟုတ်သလို ဝင်ရောက် ယှဉ်ပြိုင်တဲ့ ပါတီတွေဟာ သမိုင်းတရားခံအဖြစ်နဲ့ တစ်သက်လုံး ကျန်နေမှာ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်သူ့ပါတီ မွန်ပြည်နယ် တာဝန်ခံ ဦးအောင်ကိုဝင်းသန်းကတော့ ရွေးကောက်ပွဲ ဝင်ရတာဟာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ သွားချင်တာကြောင့် ဖြစ်ပြီး ဘယ်လို အခက်အခဲ ရှိရှိ နိုင်ငံရေးနည်းနဲ့ သွားဖို့ ဆုံးဖြတ်ထားတယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ဟာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့ သွားချင်တယ်။ ရွေးကောက်ပွဲတစ်ခု ဖြစ်လာခဲ့ရင် တပ်မတော်ရဲ့ ထွက်ပေါက်လို့ပဲ ပြောပြော ပြည်သူရဲ့ ထွက်ပေါက်လို့ပဲ ပြောပြော ဘယ်လိုပဲ ပြောပြော ကျွန်တော်တို့က အစိုးရတစ်ခုရမယ်။ လွှတ်တော်တစ်ခု ပေါ်လာမယ်။ ကျွန်တော်တို့ အခက် အခဲ ရှိသည်ဖြစ်စေ မရှိသည် ဖြစ်စေ လုံခြုံသည် ဖြစ်စေ မလုံခြုံသည် ဖြစ်စေ ကျွန်တော်တို့ သွားရမယ့် လမ်းကို နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ပဲ သွားဖို့အတွက် ဆုံးဖြတ်ထားတယ်”လို့ ဆိုပါတယ်။

အာဏာသိမ်း စစ်ကော်မရှင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အထွေထွေရွေးကောက်ပွဲအပိုင်း ၁ ကို လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ စတင်ကျင်းပ ပြုလုပ်သွားမယ်လို့ ကြေညာပြီးတဲ့နောက် ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ လုပ်ငန်းစဉ်တွေကို ဆက်တိုက်လုပ်ဆောင်နေတာပါ။

မွန်ပြည်နယ်မှာတော့ ရွေးကောက်ပွဲအတွက် ဒေသတွင်းက မြို့နယ် ၁၀ ခုလုံးကို မဲဆန္ဒနယ်မြေအဖြစ် သတ်မှတ်ထားပြီး အဲဒီထဲက ကျိုက်ထို၊ သထုံ၊ မော်လမြိုင်၊ ချောင်းဆုံနဲ့ ကျိုက်မရောမြို့နယ်တို့ကို ရွေးကောက်ပွဲအပိုင်း ၁ အနေနဲ့ ကျင်းပသွားမယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒေသတွင်းက တော်လှန်‌ရေး အင်အားစုတွေကတော့ စစ်ကော်မရှင်က ပြုလုပ်မယ့် အတုအယောင် ရွေးကောက်ပွဲအပေါ် ပြည်သူတွေ အနေနဲ့ ပါဝင်ပတ်သက်တာတွေ မလုပ်ဖို့နဲ့နိုင်ငံရေးပါတီတွေကလည်း မပူးပေါင်းကြဖို့ တိုက်တွန်းထားပြီး ရွေးကောက်ပွဲကိုလည်း မရရတဲ့နည်းနဲ့ ဆန့်ကျင်သွားမယ်လို့ သတိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.