မော်လမြိုင် ၊ စက်တင်ဘာ ၄

ကမ္ဘာ့ရွှေဈေးနှုန်း ဆက်တိုက်မြင့်တက်လာတာကြောင့် ပြည်တွင်းရွှေဈေးနှုန်းတွေလည်း ပြန်လည်မြင့်တက်လာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းဟာ ပြီးခဲ့တဲ့ ဩဂုတ်နောက်ဆုံးအပတ်က ရွှေတစ်အောင်စကို အမေရိကန်ဒေါ်လာ ၃၃၇၀ ဝန်းကျင်သာရှိခဲ့ရာမှ စက်တင်ဘာ ၃ ရက်နေ့မှာတော့ ရွှေတစ်အောင်စကို ဒေါ်လာ ၃၅၃၀ ဝန်းကျင်အထိ မြင့်တက်လာတာပါ။

ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းကလည်း အခေါက်ရွှေ တစ်ကျပ်သားကို ကျပ် ၇၄ သိန်း ဝန်းကျင်ကနေ ကျပ် ၇၈ သိန်းကျော်အထိ ဆက်တိုက်ဆိုသလို ပြန်လည်မြင့်တက်လာခဲ့ပါတယ်။

ရွှေလုပ်ငန်းရှင် တစ်ဦးကတော့ ပြည်တွင်းရွှေဈေးနှုန်း ပြန်လည်မြင့်တက်လာရတာဟာ ကမ္ဘာ့ရွှေဈေးနှုန်း စံချိန်ချိုးကာ နေ့စဉ် မြင့်တက်နေတာကြောင့် ဖြစ်ပြီး ကမ္ဘာ့ရွှေဈေးနဲ့ ပြန်တွက်ပါက မြန်မာ့ရွှေဈေးနှုန်း ဒီထက်မြင့်တက်နိုင်တယ်လို့ ပြောပါတယ်။

“ကမ္ဘာ့ဈေးက တအားကို စံချိန်ချိုးပြီး တက်နေတာ။ အမေရိကန်နိုင်ငံရဲ့ စီးပွားရေး မူဝါဒတို့ ဘာတို့နဲ့ ဆိုင်ပြီးတော့ ထရမ့်ရဲ့ ကျန်းမာရေး အခြေအနေနဲ့ ပတ်သက်တဲ့ ကောလာဟလတွေလည်း ထွက်လာတော့ လူတွေက ဒီရွှေကို ဝယ်ကျတယ်ပေါ့နော်။ ဝယ်ကျတော့ ကမ္ဘာ့ရွှေဈေးက နေ့တိုင်း နေ့တိုင်း ဆက်တက်နေတာ။ စံချိန်တင် တက်နေတာ”လို့ ဆိုပါတယ်။

ကမ္ဘာ့ရွှေဈေးနှုန်းနဲ့အတူ ပြည်တွင်းရွှေဈေးနှုန်းတွေ အတက်အကျ ကြမ်းနေတာကြောင့် ရွှေဝယ်စုဆောင်းမယ့် ပြည်သူတွေ အနေနဲ့ ဒီကာလမှာ အထူးသတိထားဖို့ လိုအပ်သလို မလိုအပ်ရင် မဝယ်ယူဘဲ စောင့်ကြည့်ရမယ့်ကာလ ဖြစ်တယ်လို့ သူက ဆက်ပြောပါတယ်။

ပြည်တွင်းရွှေဈေးကွက်အတွင်းမှာတော့ ရွှေဈေးနှုန်း အတက်အကျ ကြမ်းနေတဲ့အတွက် အရောင်း အဝယ်တွေ အေးနေပြီး အခုလို ရွှေဈေးနှုန်းဆက်တိုက်မြင့်တက်လာတဲ့အပေါ် စစ်ကော်မရှင် လက် အောက်ခံ ဌာနဆိုင်ရာတွေက လာ‌ရောက် စောင့်ကြည့်တာတွေ ရှိတယ်လို့ သိရပါတယ်။

စက်တင်ဘာ ၃ ရက်နေ့ စစ်ကော်မရှင် ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းဈေး သတ်မှတ်ရေး ကော်မတီရဲ့ ရွှေရည်ညွှန်းဈေးနှုန်းမှာ တစ်ကျပ်သားကို ကျပ် ၅,၉၃၀,၀၀၀ တိုးမြှင့်သတ်မှတ်ထားပေမယ့် ပြင်ပပေါက်ဈေးနဲ့ နှိုင်းယှဉ်ပါက ကျပ် ၁၉ သိန်း နီးပါး ကွာဟနေတာပါ။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-Social Media

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.