ဝါရှင်တန်၊ စက်တင်ဘာ ၃
တရုတ်သမ္မတ ရှီကျင့်ဖျင်ဟာ ရုရှား၊ မြောက်ကိုရီးယား ခေါင်းဆောင်တို့နဲ့ ပူးပေါင်းပြီး အမေရိကန်ကို ဆန့်ကျင်ဖို့ ကြံစည်နေတယ်လို့ အမေရိကန် သမ္မတ ဒေါ်နယ်ထရန့်က စွပ်စွဲလိုက်ပါတယ်။
တရုတ်ရဲ့စစ်အင်အားကို ထုတ်ဖော်ပြသမှုအနေနဲ့ ဘေဂျင်းမှာ စက်တင်ဘာ ၃ ရက်က ကျင်းပတဲ့ အကြီးမားဆုံး အောင်ပွဲနေ့မှာ တရုတ်ဟာ ကမ္ဘာ့ခေါင်းဆောင်၂၆ ယောက်ကို လက်ခံ တွေ့ဆုံနေချိန် သမ္မတ ထရန့်ရဲ့ အခုလို စွပ်စွဲချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

တရုတ်နဲ့ရုရှားတို့ တခြားနိုင်ငံတွေကြား ဆက်ဆံရေး နွေးထွေးလာမှုဟာ ကမ္ဘာ့စင်မြင့်ထက်မှာ အမေရိကန်အတွက် စိန်ခေါ်မှု ဖြစ်တယ်ဆိုတဲ့ ပြောဆိုမှုတွေကို ထရန့်က အရင်က ပယ်ချခဲ့ပါတယ်။
ဘေဂျင်းမှာ ပြုလုပ်တဲ့ ဆွေးနွေးမှုတွေမှာ ရုရှားသမ္မတ ပူတင်က တရုတ်နဲ့ မကြုံစဖူး ဆက်ဆံရေးတွေကို ကြိုဆိုခဲ့ပါတယ်။
မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်ကတော့ သမီးဖြစ်သူနဲ့ အတူ ဘေဂျင်းကို ရောက်ရှိလာပါတယ်။

ဒုတိယကမ္ဘာစစ်အတွင်း အမေရိကန်က တရုတ်ကို ကြီးကြီးမားမား ပြောင်ပြောင်တင်းတင်း ကူညီပေးခဲ့တယ်လို့ ထရန့်က လူမှုမီဒီယာမှာ ရေးသား ဖော်ပြထားပါတယ်။
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန် လက်နက်ချမှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်စစ်ရေး ပြပွဲမှာ တရုတ်က လက်နက် အသစ်တွေကို ထုတ်ဖော်ပြသခဲ့ပါတယ်။
တရုတ်ရဲ့ အောင်ပွဲရရှိရေး ကြိုးပမ်းရာမှာ အမေရိကန်နိုင်ငံသားတွေ အများကြီး အသက်ပေးခဲ့ရတယ်လို့လည်း ထရန့်က ပြောပါတယ်။
ဘေဂျင်းနဲ့ သူ့ရဲ့ မဟာမိတ်တွေက အမေရိကန်ကို ဆန့်ကျင်ဖို့ နိုင်ငံတကာ ညွှန့်ပေါင်း အဖွဲ့ ဖွဲ့ဖို့ ကြိုးပမ်းနေတယ်လို့ ယုံကြည်ပါသလားဆိုတဲ့ မေးခွန်းကိုတော့ ထရန့်က မယုံကြည်ဘူးလို့ ဖြေကြားပြီး တရုတ်အနေနဲ့ မိမိတို့ကို လိုအပ်တယ်လို့ ပြောပါတယ်။
ရုရှားနဲ့တရုတ် ပူးပေါင်းမှုကြောင့်လည်း သူ့အနေနဲ့ မစိုးရိမ်မိဘူးလို့ ထရန့်က ပြောပါတယ်။
အမေရိကန်ဟာ ကမ္ဘာမှာ အင်အား အကောင်းဆုံး စစ်တပ်ကို ပိုင်ဆိုင်ထားပြီး သူတို့တွေက မိမိတို့ကိုလုံးဝ တိုက်ခိုက်မှာ မဟုတ်ဘူးလို့လည်း ထရန့်က ပြောပါတယ်။
မိမိတို့ကို တိုက်ခိုက်မယ်ဆိုရင်တော့ သူတို့ လုပ်သမျှ အဆိုးရွားဆုံးလုပ်ရပ် ဖြစ်လိမ့်မယ်လို့ ထရန့်က ဆိုတာပါ။
ပြီးခဲ့တဲ့လက အလက်စကားမှာ ဆွေးနွေးမှုအတွင်း ယူကရိန်း စစ်ပွဲနဲ့ ပတ်သက်လို့ သဘောတူညီမှု မရရှိခဲ့တာကြောင့် ပူတင်ကို အရမ်းစိတ်ပျက်မိတယ်လို့ ထရန့်က ပြောထားပါတယ်။
Ref:BBC