ပိုင်ကျုံ၊ စက်တင်ဘာ ၃
ကရင်ပြည်နယ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲမှာရှိတဲ့ KNU စာသင်ကျောင်းကို စစ်ကော်မရှင်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ကျောင်းဆရာ ဆရာမတွေနဲ့ ကျောင်းသားတစ်ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ထားပါတယ်။
စက်တင်ဘာ ၃ ရက်နေ့ မနက် ၁၀ နာရီအချိန်ခန့်မှာ ပိုင်ကျုံမြို့နယ်အတွင်းမှာရှိတဲ့ KNU လက်အောက်ခံဌာနတစ်ခုဖြစ်တဲ့ ကရင်ပညာရေးနဲ့ ယဉ်ကျေးမှုဌာန KECD လက်အောက်ရှိ နော်တခီးအခြေခံပညာအလယ်တန်းကျောင်းကို ကလေးသူငယ်တွေကျောင်းတက်နေတဲ့အချိန် ရည်ရွယ်ချက်ရှိရှိနဲ့ စစ်ကော်မရှင်တပ်က ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တာပါ။

ကာမီကာဇယ်ဒရုန်းအသုံးပြုပြီး ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ကော်သူးလေကျောင်းအမှတ် ၇၀၈၂ နော်တခီးအခြေခံပညာအလယ်တန်းကျောင်းက ကျောင်းရုံးခန်း ၁ လုံး ထိခိုက်ပျက်စီးသွားခဲ့ပြီး ဆရာမ ၁ ဦး၊ ဆရာ ၁ ဦးနဲ့ ကျောင်းသားငယ် ၁ ဦး မစိုးရိမ်ရ ဒဏ်ရာရရှိခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

KNU ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ထဲမှာ တိုက်ပွဲဖြစ်ပွားတာတွေ မရှိဘဲ စစ်ကော်မရှင်တပ်က ရည်ရွယ်ချက်ရှိရှိနဲ့ စာသင်ကျောင်းအပေါ် ကာမီကာဇယ်ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်သွားခဲ့တာဖြစ်ပါတယ်။

စစ်အုပ်စုဘက်ကတော့ ကရင်အမျိုးသားအစည်းအရုံး KNU ကို ပြီးခဲ့တဲ့ ဩဂုတ် ၂၈ ရက်နေ့က အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် ကြေညာထားပြီး KNU နဲ့ အဖွဲ့ဝင်တွေ၊ KNU က ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်းတွေကိုလည်း မတရားအသင်းအဖြစ် စစ်အုပ်စုဘက်က ကြေညာထားတာဖြစ်ပါတယ်။

KNU ကို အကြမ်းဖက်အုပ်စုနဲ့ မတရားအသင်းအဖြစ် ကြေညာချက်ထုတ်ပြန်လိုက်ပြီးတဲ့နောက် KNU နယ်မြေထဲမှာ စစ်အုပ်စုက ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့်ပိုမိုလုပ်ဆောင်လာခဲ့တဲ့အတွက် တော်လှန်ရေးတပ်တို့နဲ့ တိုက်ပွဲတွေ နေ့စဉ်ရက်ဆက် အပြင်းအထန်ဖြစ်ပွားလျက်ရှိနေပြီး လက်နက်ကြီး၊ ဒရုန်းနဲ့ လေကြောင်းဗုံးကြဲချ တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာနေတာဖြစ်ပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – KNU