ပေကျင်း ၊ စက်တင်ဘာ ၄

မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအပါအဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး နိုင်ငံ‌ရေးအရ အာမခံချက်တွေကို တရုတ်နဲ့ အိန္ဒိယနိုင်ငံဆီက ရရှိခဲ့တယ်လို့ စစ်ကော်မရှင်ရဲ့ ပြောရေးဆိုခွင့် ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ထိပ်သီးအစည်းအဝေးတက်ရောက်မှု အပါအဝင် တရုတ်နိုင်ငံခရီးစဉ်နဲ့ပတ်သက်ပြီး သတင်းမီဒီယာတွေကို သူက ဖြေကြားထားတာပါ။

သမ္မတ ရှီကျင့်ဖျင်နဲ့ ဆွေးနွေးမှုအရ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရ အသိအမှတ်ပြုမှု၊ နိုင်ငံတ ကာရေးရာအရ အသိအမှတ်ပြုမှုနဲ့ ကျင်းပမယ့် အထွေထွေရွေးကောက်ပွဲမှာ တရုတ်နိုင်ငံအနေနဲ့ အသိအမှတ်ပြုဖို့ အကျိုးအမြတ်ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အထွေထွေရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ကူညီနိုင်ဖို့ကိုလည်း အတည်ပြုပေးလိုက်တာရှိတယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ ဒါပေမယ့် ဘယ်လိုကဏ္ဍတွေမှာ ဘယ်လိုပုံစံနဲ့ ကူညီမယ်ဆိုတာကိုတော့ ထည့်မပြောခဲ့ပါဘူး။

မြန်မာနိုင်ငံရဲ့ တည်ငြိမ်အေးချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ပတ်သက်ပြီး တရုတ်နိုင်ငံအနေနဲ့ ဆက်လက်ကူညီသွားမယ်ဆိုတဲ့ အာမခံချက်တွေ ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံမှာ လိုအပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာတွေကို ဆက်လက်ရပ်တည် ကူညီပေးသွားမယ်ဆိုတာကိုလည်း တရုတ်သမ္မတ ရှီကျင့်ဖျင်ဆီက ရရှိခဲ့တယ်လို့ သူကဆိုပါတယ်။

ဝန်ကြီးချုပ် မိုဒီနဲ့လည်း မြန်မာ့အရေးမှာ အိန္ဒိယနိုင်ငံအနေနဲ့ အမြဲတမ်းရပ်တည်ပေးနေမှုတွေ နိုင်ငံ ရေးအရ အာမခံချက်ရှိမှုတွေအပါအဝင် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လုပ်ဆောင်ပေးနိုင်တာတွေကို ဆွေးနွေးနိုင်ခဲ့တယ်လို့ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။

စစ်ကော်မရှင်က ဦးစီးကျင်းပမယ့် အထွေထွေရွေးကောက်ပွဲကို အင်အားကြီးနိုင်ငံတွေဖြစ်တဲ့ တရုတ်နဲ့ ရုရှားအပါအဝင် ဘယ်လာရုစ်နိုင်ငံတို့က အားပေး‌ထောက်ခံကြောင်း အရင်ကတည်းက ပြောဆိုထားပြီး အခုအခါမှာ အိန္ဒိယနိုင်ငံကပါ ထောက်ခံကြောင်း တရားဝင် ထုတ်ပြောလာတာ ဖြစ်ပါတယ်။

လာအိုသမ္မတနဲ့လည်း စစ်ခေါင်းဆောင်က သီးခြားဆွေးနွေးနိုင်ခဲ့ပြီး ကျင်းပမယ့် ရွေးကောက်ပွဲ အောင်မြင်နိုင်ရေးအတွက် လာအိုနိုင်ငံအနေနဲ့ အားပေးထောက်ခံပြီး စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်ပေးသွားမယ်လို့ ပြောဆိုကြောင်း စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားတာပါ။

ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး SCO မှာတော့ သမ္မတ ရှီကျင့်ဖျင်က Global Governance Initiative GGI နဲ့ ပတ်သက်ပြီး အချက် ၅ ချက် ပြောသွားတဲ့ထဲက နိုင်ငံတွေရဲ့ အချုပ်အခြာအာဏာကို လေးစားကြဖို့ ပါဝင်ပါတယ်။

ဒီအပေါ် ဗိုလ်ချုပ်ဇော်မင်းထွန်းက နိုင်ငံငယ်တွေမှာလည်း သူတို့ရဲ့ အချုပ်အခြာအာဏာကို တည်တံ့ခိုင်မြဲဖို့ ဒီလို အဖွဲ့အစည်းတွေကနေတဆင့် လုပ်နိုင်မှ ခိုင်မာမှာဖြစ်တာကြောင့် မြန်မာနိုင်ငံအနေနဲ့ SCO မှာ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံဖြစ်ဖို့ တရားဝင် အဆိုပြုထားပြီး အောင်မြင်မယ်လို့ ယုံကြည်ကြောင်း ပြောပါတယ်။

စစ်ကော်မရှင်က နိုင်ငံသူနိုင်ငံသားအားလုံး တည်ငြိမ်အေးချမ်းရေးကို လိုလားဖို့နဲ့ စည်းလုံးညီညွတ်မှုကို လိုလားဖို့ လိုအပ်နေတာမို့ အဲဒီအရာတွေ အကောင်အထည်ဖော်တဲ့နေရာမှာ ပြည်ထောင်စုစိတ်ဓာတ်နဲ့ ဆောင်ရွက်သွားဖို့ သူက တိုက်တွန်းထားပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် နိုင်ငံမှာ ဖြစ်ပွားနေတဲ့ ပြည်တွင်းစစ်မီးဟာ လေးနှစ်ကျော်လာပြီးနောက် နိုင်င်ငံရေးထွက်ပေါက်အဖြစ် ကျင်းပမယ့် ရွေးကောက်ပွဲအတွက် စစ်ကော်မရှင်က တည်ငြိမ်ရေးလိုအပ်ကြောင်း ပြောဆိုနေပေမယ့် လက်တွေ့မှာတော့ ဆန့်ကျင်ဘက်ဖြစ်နေတယ်လို့ လေ့လာသူတွေက ထောက်ပြကြပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.