ဘေဂျင်း၊ စက်တင်ဘာ ၃
ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်ကို အနိုင်ရရှိမှု နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် စက်တင်ဘာ ၃ ရက်မှာ ကျင်းပတဲ့ စစ်ရေးပြပွဲ မတိုင်ခင် တရုတ် သမ္မတ ရှီကျင့်ဖျင်က မိမိတို့နိုင်ငံကို တားဆီးလို့ မရဘူးလို့ ကြွေးကြော်ပြီး အနိုင်ကျင့်တဲ့ နိုင်ငံတွေကြောင့် ကြောက်ရွံ့နေမှာ မဟုတ်ဘူးလို့ ပြောကြား လိုက်ပါတယ်။
ဧရာမ စစ်ရေးပြပွဲအတွင်း တရုတ်က သူတို့ရဲ့ စစ်အင်အားကို ထုတ်ပြတဲ့ အနေနဲ့ မိတ်ဆက်လိုက်တဲ့ လက်နက်အသစ်တွေထဲ လေဆာလက်နက်တွေ၊ နျူကလီးယား ပဲ့ထိန်းဒုံးကျည်တွေနဲ့ ရေအောက် ဒရုန်းကြီးတွေလည်း ပါဝင်ပါတယ်။

အဲဒီ အခမ်းအနားသို့ မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်နဲ့ ရုရှား သမ္မတ ဗလာဒီမာ ပူတင် အပါအဝင် ပြည်ပ ခေါင်းဆောင် ၂၆ ဦး တက်ရောက်ခဲ့ပါတယ်။
ဒါဟာ ရှီကျင့်ဖျင်၊ ပူတင်နဲ့ ကင်ဂျုံအန်တို့ ပထမဆုံး အတူတူ ဆုံတွေ့မှု ဖြစ်ပါတယ်။
ဒီစစ်ရေးပြပွဲက ဒီမိုကရေစီစနစ်နဲ့ ကိုယ်ပိုင် အုပ်ချုပ်နေပေမယ့် တရုတ်က သူတို့ပိုင်တဲ့ဒေသ ဖြစ်တယ်လို့ ပြောထားတဲ့ ထိုင်ဝမ်ကို တိုက်ခိုက်နိုင်ကြောင်း အချက်ပြလိုက်တာ ဖြစ်တယ်လို့ လေ့လာသူတွေက ပြောပါတယ်။

အမေရိကန်သမ္မတ ဒေါ်နယ် ထရန့် တက်ရောက်မှု မရှိတဲ့ ဘေဂျင်းရဲ့ အခမ်းအနားဟာ အမေရိကန်ကို ဆန့်ကျင်မယ့် အင်အားစုဖွဲ့မှု ဖြစ်နိုင်တယ်လို့လည်း ဆိုပါတယ်။
တရုတ်က သူတို့ရဲ့ ကာကွယ်ရေးဗျူဟာကို အားဖြည့်တဲ့အနေနဲ့ နျူကလီးယား ဒုံးကျည်တွေ အများကြီး ထုတ်လုပ်ထားပြီး အခု စစ်ရေးပြပွဲမှာ ဒုံးကျည်အသစ်တွေကို မြင်တွေ့ရ ပါတယ်။
ဒါပေမဲ့ အမေရိကန် ရေတပ်ဟာ ကမ္ဘာပေါ်မှာ အကြီးမားဆုံး လေယာဉ်တင် သင်္ဘောအုပ်စုကို ပိုင်ဆိုင်ထားပြီး တရုတ်အနေနဲ့ အမေရိကန်ကို လိုက်မီဖို့ အများကြီး လိုသေးတယ်လို့ စစ်ရေး လေ့လာသူတွေက ပြောပါတယ်။
ဒီအတောအတွင်း ပူတင်နဲ့ ကင်ဂျုံအန်တို့ ဘေဂျင်းမှာ နှစ်ဦးတည်း ဆွေးနွေးမှုတွေ လုပ်သွားဖို့ စီစဉ်ထားတယ်လို့ ရုရှားနိုင်ငံပိုင် သတင်းဌာန TASS က ဖော်ပြပါတယ်။
ရှီကျင့်ဖျင်က ကမ္ဘာမှာ တောတွင်းဥပဒေ ပေါ်လာလို့ မရဘူးလို့ ပြောကြားခဲ့ပေမယ့် ဘယ်အနောက်နိုင်ငံကိုမှ အမည်တပ် ပြောတာ မတွေ့ရပါဘူး။
ဒါပေမဲ့ တရုတ်အရာရှိတွေက အမေရိကန်ဟာ အနိုင်ကျင့်တဲ့နိုင်ငံ ဖြစ်တယ်လို့ အရင်က စွပ်စွဲ ပြောဆိုခဲ့ဖူးပါတယ်။
Ref:BBC