ပေကျင်း၊ စက်တင်ဘာ ၄

မြန်မာနိုင်ငံ တည်ငြိမ်ရေးအတွက် တရုတ်ဆီက အာမခံချက်ရရှိခဲ့တယ်လို့ စစ်‌ကော်မရှင်က ထုတ်ပြောပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ NUG က စစ်အုပ်စုကို အသိအမှတ်ပြုမှုအပေါ် ဆိုင်း ငံ့ထားဖို့ တရုတ်အစိုးရထံ တိုက်တွန်းစာပေးပို့ခဲ့တယ်လို့ စက်တင်ဘာ ၃ ရက်နေ့မှာ အသိပေးပါတယ်။

တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်အုပ်စုခေါင်းဆောင်နဲ့ ပတ်သက်ပြီး NUG နိုင်ငံခြားရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်ဇင်မာအောင်က မြန်မာပြည်သူတွေနဲ့ NUG အစိုးရကိုယ်စား အချက် ၃ ချက် ပါဝင်တဲ့ တိုက်တွန်းစာတစ်စောင်ကို တရုတ်အစိုးရထံ စက်တင်ဘာ ၁ ရက်နေ့မှာ ပေးပို့ခဲ့တာပါ။

တိုက်တွန်းချက်တွေထဲမှာတော့ တရုတ်နိုင်ငံအနေနဲ့ စစ်အုပ်စုကို အသိအမှတ်ပြုမှုအပေါ် ဆိုင်းငံထားဖို့ ၊ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ခြင်းကိစ္စကို ငြင်းပယ်ဖို့နဲ့ စစ်ခေါင်းဆောင်ကို ယာယီသမ္မတလို့ ရည်ညွန်းကိုးကားတာကို ရပ်စဲဖို့ ဖြစ်ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး ပြန်လည်ရရှိရေးအတွက် တရုတ်နိုင်ငံက အပြုသဘောဆောင်တဲ့ အခန်းကဏ္ဍကနေ ဆက်လက်ပါဝင်နေမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့ ယုံကြည်နေဆဲလို့ ရေးသားထားတာပါ။

တရုတ်နိုင်ငံအနေနဲ့ မြန်မာပြည်သူတွေ အလိုမရှိတဲ့ စစ်အုပ်စုခေါင်းဆောင်ကို ဖိတ်ကြားတာဟာ ပြည်သူတွေရဲ့ တန်ပြန်တုံ့ပြန်မှုကို ဖိတ်ခေါ်သလို ဖြစ်စေပြီး နှစ်နိုင်ငံပြည်သူတွေအကြား နှစ်ရှည် လများ တည်ရှိခဲ့တဲ့ ရင်းနှီးချစ်ကြည်မှုကိုလည်း ထိခိုက်စေနိုင်မယ်လို့ ဖော်ပြပါတယ်။

စစ်အုပ်စုဟာ ပြည်သူ့ဆန္ဒမပါဘဲ ဖိနှိပ်ချုပ်ချယ်မှုအောက်မှာ တရားမဝင်အတုယောင် ရွေးကောက် ပွဲကျင်းပဖို့ ဆောင်ရွက်နေတယ်လို့ ထည့်သွင်းရေးသားထားတာ ဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ တိုင်းရင်းသားတော်လှန်ရေးလက်နက်ကိုင်အဖွဲ့ EROs တွေနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေဟာ ပြည်သူလူထုရဲ့ တခဲနက်ထောက်ခံမှုကို ရရှိထားပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်တိုက်ဖျက်နေတယ်လို့ တိုက်တွန်းစာမှာ ဖော်ပြပါတယ်။

ဒ့ါအပြင် ဖက်ဒရယ်ဒီမိုကရေစီ အနာဂတ်ဆီသို့ ဦးတည်နေပြီး အားလုံးပါဝင်မှု တန်းတူညီမျှမှုနဲ့ ကိုယ်ပိုင်ပြဌာန်းခွင့်တို့အပေါ် အခြေခံတဲ့ စုပေါင်းခုံခံတော်လှန်ရေးအောင်မြင်မှုဟာ မြန်မာနိုင်ငံရဲ့ ထာဝရငြိမ်းချမ်းရေး၊ တည်ငြိမ်ရေးနဲ့ ရေရှည်တည်တံ့ဖွံဖြိုးတိုးတက်ရေးအတွက် ယုံကြည်စိတ်ချရတဲ့ လမ်းကြောင်းတစ်ခုဖြစ်တယ်လို့ အသိပေးထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-SAC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.