ကော့ကရိတ်၊ စက်တင်ဘာ ၃
စစ်တပ်စစ်ကြောင်းထိုးနေတာကြောင့် ကရင်ပြည်နယ် ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့မှာ စက်တင်ဘာ၂ ရက်နေ့ မနက်ပိုင်းအထိ နှစ်ဖက်တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေတယ်လို့ နယ်မြေခံသတင်းရင်းမြစ်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
နယ်စပ်ကုန်သွယ်ရေးမှာ အရေးပါတဲ့ ကော့ကရိတ်-မြဝတီ အာရှလမ်းမကြီးနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းတို့ကို ပြန်လည်စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် စစ်တပ်က ဩဂုတ်လကတည်းက လူအင်အားနဲ့ စစ်လက်နက်ခဲယမ်းပစ္စည်းတွေကို ကော့ကရိတ်မြို့အခြေစိုက် တပ်ရင်းစခန်းတွေဆီ အင်အားဖြည့် ဆည်းမှုတွေ ဆက်တိုက်လုပ်ဆောင်နေခဲ့တာပါ။
စစ်ကော်မရှင်တပ်ဟာ လူ၊ လက်နက်အင်အားဖြည့်ဆည်းမှုနဲ့အတူ တော်လှန်ရေးပူးပေါင်းတပ်တွေ သိမ်းပိုက်ထားတဲ့နေရာတွေဘက်ကို စစ်ကြောင်းထိုးစစ်ရေးလှုပ်ရှားလာခဲ့တဲ့အတွက် ကော့ကရိတ်မြို့အနီးက အာရှလမ်းမနေရာတွေနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းက ရန်ကုတ်ကျေးရွာဘက်မှာ ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေပါတယ်။
စက်တင်ဘာ ၂ ရက်နေ့ မနက်ပိုင်းက အာရှလမ်းနဲ့ ဒေါနတောင်ပေါ်လမ်းဟောင်းဘက်မှာ တိုက်ပွဲတွေဖြစ်ပွားနေစဉ် မြဝတီမြို့အခြေစိုက် စစ်ကော်မရှင်တပ်ရဲ့ ခလရ ၂၇၅ တပ်ရင်းထဲကနေ သင်္ဃန်းညီနောင်နဲ့ အာရှလမ်းမကြီးဘက်ကို ပစ်မှတ်ထားပြီး လက်နက်ကြီးပစ်ခတ်တာတွေ လုပ်ဆောင်နေတာကိုကြားရတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ဆိုပါတယ်။
ဒါ့အပြင် စစ်ကော်မရှင်တပ်က ခလရ ၂၇၅ တပ်ရင်းထဲကနေ သင်္ဃန်းညီနောင်ကို ဦးတည်ပြီး စစ်ကြောင်းတစ်ကြောင်းထိုးပြီး စစ်ရေးလှုပ်ရှားလာမယ်လို့လည်း သတင်းတွေထွက်ပေါ်နေသလို ပြီးခဲ့တဲ့ ဩဂုတ် ၁၈ ရက်နေ့က ထိုင်း-မြန်မာ အမှတ် ၂ ချစ်ကြည်ရေးတံတား ပိတ်လိုက်ပြီးနောက် အဲဒီတံတားဝင်းထဲမှာ စစ်ကောင်စီတပ်သား ၃၀၀ နီးပါး ရောက်ရှိတပ်စွဲထားပါတယ်။
ကျုံဒိုး-ကော့ကရိတ်လမ်းကို ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက ပြန်လည်သိမ်းယူခဲ့ပြီးတဲ့နောက် အာရှလမ်းမကြီးကို ပြန်လည်သိမ်းပိုက်နိုင်ဖို့ ဆောင်ရွက်သွားမှာဖြစ်တယ်လို့ စစ်ကော်မရှင်ဘက်က သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာတော့ ကျုံဒိုး-နဘူးလမ်းအပြင် အာရှလမ်း၊ ဒေါနတောင်ပေါ်လမ်းဟောင်းတို့မှာ ထိုးစစ်ဆင်တိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်လာခဲ့တာဖြစ်ပါတယ်။
ကော့ကရိတ်မြို့နယ်အတွင်း တိုက်ပွဲတွေဆက်ပြင်းထန်နေသလို မြဝတီမြို့နယ်တောင်ဘက်ခြမ်းက ဝေါ်လေမြို့အနီးမှာရှိတဲ့ စစ်ကော်မရှင်တပ်ရဲ့ ဗျူဟာစခန်းကိုလည်း KNLA တပ်မဟာ ၆ တော်လှန်ရေးပူးပေါင်းတပ်တွေက ဆက်လက်ဝိုင်းရံပိတ်ဆို့တိုက်ခိုက်နေတယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-Social Media