နေပြည်တော် ၊ စက်တင်ဘာ ၃
လာမယ့် ဒီဇင်ဘာနှောင်းပိုင်းမှာ အာဏာသိမ်း စစ်ကော်မရှင်ကနေ ဦးဆောင်ကျင်းပမယ့် အထွေ ထွေရွေးကောက်ပွဲကို အင်အားကြီး နိုင်ငံတွေနဲ့ ဒေသတွင်းနိုင်ငံတချို့က အကျိုးစီးပွားအတွက် ထောက်ခံလာနေပါတယ်။
တရုတ်နိုင်ငံကို ရောက်ရှိနေတဲ့ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က သူ့ရဲ့ခရီးစဉ်အတွင်း စက်တင်ဘာ ၁ ရက်နေ့မှာ လာအိုနိုင်ငံရဲ့ သမ္မတ သောင်လောင်ဆီဆိုလစ်နဲ့ တီယန်ကျင်းမြို့မှာ သီးခြား တွေ့ဆုံခဲ့ကြပါတယ်။
တွေ့ဆုံမှုအတွင်း မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် လာအိုနိုင်ငံက ထောက်ခံအားပေးနေမှုနဲ့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်သွားမယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်တာပါ။
တစ်ဘက်မှာ ခရီးသွားကဏ္ဍ၊ ကုန်သွယ်မှုကဏ္ဍတွေ အခုထက် ပိုမိုတိုးမြှင့်သွားဖို့ အပါအဝင် နယ်စပ်ဒေသ တည်ငြိမ်ရေး၊ တပ်မတော်နှစ်ရပ်ကြား ပူးပေါင်းမှုတွေနဲ့ တခြားကဏ္ဍပေါင်းစုံမှာ နှစ်နိုင်ငံအကြား ပူးပေါင်းမှုတွေ ဆက်လက်မြှင့်တင်သွားဖို့ ဆွေးနွေးခဲ့ကြပါတယ်။
ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး တရုတ်အပါအဝင် ရုရှားနဲ့ ဘယ်လာရုစ်နိုင်ငံတွေက အားပေးထောက်ခံကြောင်းနဲ့ စောင့်ကြည့်လေ့လာရေးအဖွဲ့တွေ စေလွှတ်ဖို့ အရင်ကတည်းက ထုတ်ပြောထားပြီး အခုအခါမှာ အိန္ဒိယနဲ့ လာအိုနိုင်ငံတို့ကပါ တရားဝင် ထောက်ခံလာကြတာပါ။
မွန်ပြည်ဖက်ဒရယ်ကောင်စီ MSFC ပြောခွင့်ရ နိုင်မွန်စိုင်းက နိုင်ငံတချို့က ထောက်ခံနေပေမယ့် တရားမျှတမှုနဲ့ ပွင့်လင်းမြင်သာမှု မရှိတာကြောင့် ရွေးကောက်ပွဲရလဒ်ကို အသိအမှတ်ပြုတဲ့နိုင်ငံ အနည်းအကျဉ်းပဲဖြစ်လိမ့်မယ်လို့ ပြောပါတယ်။
“ဒီရွေးကောက်ပွဲကို တချို့နိုင်ငံတွေက ဘယ်လောက်ပဲ ထောက်ခံသည်ဖြစ်စေ ကျွန်တော်တို့ အားလုံး မြင်နေရတဲ့ ပုံစံကတော့ ရွေးကောက်ပွဲက တရားမျှတမှုလည်း မရှိဘူး။ ပွင့်လင်းမြင်သာမှုလည်း မရှိဘူး။ ပြည်သူလူထုတွေမှာလည်း လွတ်လွတ်လပ်လပ် ပါဝင်ခွင့်လည်း မရဘူး။ အနောက်ကနေ ဖိအားပေးပြီး ပါဝင်ရတဲ့ အခြေအနေတွေရှိတယ်။ နိုင်ငံရေးပါတီတွေဆိုလည်း လွတ်လွတ်လပ်လပ် လှုပ်ရှားခွင့်မရှိဘူး၊ ပိတ်ပင်ခြင်းခံရတယ်။ တချို့ဆို ပါတီပိတ်သိမ်းခြင်း ခံရတာ ရှိတယ်။ နောက်ပြီးတော့ တိုင်းရင်းသားဒေသတွေမှာလည်း ရွေးကောက်ပွဲဖြစ်နိုင်တဲ့ အခြေအနေက တအားနည်းတာပေါ့။ ဒီလိုမျိုးဖြစ်နေချိန်မှာ ရွေးကောက်ပွဲရဲ့ Results ကို အသိမှတ်ပြုတဲ့ နိုင်ငံတော့ အနည်းအကျဉ်းပဲ ဖြစ်ပါမယ်”လို့ ဆိုပါတယ်။
စစ်ခေါင်းဆောင်အနေနဲ့ ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်မှုအဖွဲ့ SCO ရဲ့ ထိပ်သီးအစည်းအဝေးမစတင်ခင် တက်ရောက်လာတဲ့ အာဆီယံ အတွင်းရေးမှူးချုပ်၊ မွန်ဂိုလီးယားသမ္မတ၊ ပါကစ္စတန်၊ မလေးရှားနဲ့ နီပေါ စတဲ့ နိုင်ငံတွေရဲ့ ဝန်ကြီးချုပ်တွေကို သီးခြားစီ တွေ့ဆုံခဲ့သေးတာပါ။
တွေ့ဆုံမှုအတွင်း နိုင်ငံအလိုက် နှစ်နိုင်ငံအကြား ချစ်ကြည်ရေးနဲ့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ရေးဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြတယ်လို့ စစ်ကော်မရှင်က သတင်းထုတ်ပြန်ထားပြီး အသေးစိတ်ကိုတော့ မဖော်ပြခဲ့ပါဘူး။
နိုင်မွန်စိုင်းကတော့ အာဆီယံအနေနဲ့ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို မတူညီတဲ့ အမြင်သဘောထားတွေ ကွဲပြားနိုင်တဲ့အတွက် မထောက်ခံတဲ့ နိုင်ငံရှိသလို ထောက်ခံတဲ့ နိုင်ငံတွေလည်း ရှိနေတယ်လို့ ထောက်ပြပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ် ၃၁ ရက်နေ့မှာလည်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက စစ်ခေါင်းဆောင်နဲ့ သီးခြားစီ တွေ့ဆုံပြီး မြေရှားသတ္တုတူးဖော်ရေး၊ စွမ်းအင်၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးကိစ္စရပ်တွေမှာ သဘောတူညီမှုရရှိခဲ့တယ်လို့ သူ့ရဲ့ လူမှုကွန်ရက်တွေမှာ အသိပေးခဲ့ပါတယ်။
စစ်ကော်မရှင်ရဲ့ ထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ ပြုလုပ်မယ့် ရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် အိန္ဒိယနိုင်ငံက ထောက်ခံအားပေးနေပြီး ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ပေးသွားမယ်လို့ ဖော်ပြထားတာပါ။
ဒီလိုမျိုး အပေးအယူတွေနဲ့ ရွေးကောက်ပွဲကနေ တဆင့် နိုင်ငံတကာအသိအမှတ်ပြုမှုနဲ့ တရားဝင်မှု ရဖို့ ကြိုးပမ်းလာနေတဲ့ စစ်ကော်မရှင်က လာမယ့် ဒီဇင်ဘာ ၂၈ ရက်နေ့မှာ အပိုင်း ၁ အဖြစ် အထွေထွေရွေးကောက်ပွဲကို နိုင်ငံတဝန်းရှိ ၁၀၂ မြို့နယ်မှာ စတင်ကျင်းပမယ်လို့ ကြေညာထားတာပါ။
ဒါဟာ စစ်အာဏာရှင်စနစ်ကို တဖန် အသက်ပြန်သွင်းဖို့ လုပ်တဲ့ ရွေးချယ်ပွဲဖြစ်တယ်ဆိုတာ တော်လှန်ရေးအင်အားစုတွေအနေနဲ့ နိုင်ငံတကာသိအောင် ထောက်ပြရမယ်လို့ နိုင်မွန်စိုင်းက ပြောပါတယ်။
“ဒီတော်လှန်ရေးအင်အားစုအနေနဲ့ကတော့ အတတ်နိုင်ဆုံး ရွေးကောက်ပွဲက တရားမျှတမှု မရှိဘူး။ ဒါ လွတ်လပ်မှုမရှိဘူး။ ဒါ ရွေးကောက်ပွဲမဟုတ်ဘူး၊ စစ်အာဏာရှင်စနစ်ကို တဖန် အသက်ပြန်သွင်းဖို့ လုပ်တဲ့ ရွေးချယ်ပွဲပဲဖြစ်တယ်ဆိုတဲ့ သဘောမျိုးနဲ့ ကျွန်တော်တို့ကတော့ ဒါကို ထောက်ပြသွားရမှာဖြစ်တယ်။ နောက် ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီးတော့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကိုလည်း နိုင်ငံတကာက သိအောင် ထောက်ပြသွားမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
စစ်ကော်မရှင်အနေနဲ့ ဇူလိုင် ၃၁ ရက်နေ့မှာ နိုင်ငံတော်ကို အရေးပေါ် အခြေအနေအဖြစ် ကြေညာထားတာကို ပြန်လည်ရုတ်သိမ်းခဲ့ပြီး နိုင်ငံရေးထွက်ပေါက်အဖြစ် အထွေထွေရွေးကောက်ပွဲကျင်းပဖို့ စစ်ကောင်စီကနေ အသွင်ပြောင်းဖွဲ့စည်းခဲ့ပါတယ်။
အဲဒီနောက်ပိုင်း ရွေးကောက်ပွဲကျင်းပဖို့ စိုင်းပြင်နေပြီး ရွေးကောက်ပွဲဆိုင်ရာ ဥပဒေတွေအပါအဝင် လုံခြုံရေးအတွက် တိုင်းဒေသကြီးနဲ့ ပြည်နယ် ၉ ခုက ၆၃ မြို့နယ်ကို စစ်အုပ်ချုပ်ရေးအဖြစ် ရက်ပေါင်း ၉၀ အတွင်း ကျင့်သုံးဖို့ ကြေညာခဲ့တာပါ။
လက်ရှိမှာလည်း တစ်နိုင်ငံလုံးအနှံ့ လက်နက်ကိုင်တိုက်ပွဲတွေကို ရင်ဆိုင်နေရပေမယ့် ရွေးကောက်ပွဲအတွက် နိုင်ငံတဝန်းရှိ မြို့နယ်ပေါင်း ၃၃၀ ကို မဲဆန္ဒနယ်မြေတွေအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတ်မှတ်ထားတာ ဖြစ်ပါတယ်။
မွန်ပြည်တော်လှန်ရေးတပ် MSRF ပြောခွင့်ရ မိတလဉာဏ်က အလိမ်အညာရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာဖြစ်လို့ ပူးပေါင်းပါဝင်သူတွေကိုလည်း ဆက်လက်အရေးယူသွားမယ်လို့ သံလွင်တိုင်းမ်ကို ပြောပါတယ်။
“ကျွန်မတို့ MSRF အနေနဲ့ကတော့ မွန်ပြည်ဖက်ဒရယ်ကောင်စီရဲ့ နိုင်ငံရေးလမ်းညွန်မှုအရ မင်းအောင်လှိုင်ရဲ့ အလိမ်အညာရွေးကောက်ပွဲကို ဆန့်ကျင်သွားမှာဖြစ်တယ်။ ပြီးလို့ရှိရင် ကျွန်မတို့ မွန်ပြည်တော်လှန်ရေးတပ်အနေနဲ့ကလည်း မဟာမိတ်တပ်တွေနဲ့ ပူးပေါင်းပြီးတော့ Non CDM ဝန်ထမ်းတွေအနေနဲ့ ရွေးကောက်ပွဲမှာ ပါဝင်ပတ်သက်ခြင်းမပြုဖို့ကို သတိပေးထားပြီးသားဖြစ်တယ်။ ကျွန်မတို့ကတော့ သတိပေးချက်အပေါ် အခြေခံပြီးတော့ အရေးယူဆောင်ရွက်မှုတွေကို ဆက်လက်ပြီး လုပ်ဆောင်သွားမှာဖြစ်ပါတယ်”လို့ ဆိုပါတယ်။
လက်နက်ကိုင်တော်လှန်ရေးအင်အားစုတွေကတော့ စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲကို တရားမဝင် အတုအယောင် ရွေးကောက်ပွဲအဖြစ် သဘောထားပြီး ဆန့်ကျင်တိုက်ဖျက်သွားမယ်လို့ ထုတ်ဖော်ပြောဆိုထားကြတာပါ။
စစ်အာဏာရှင်စနစ်အဆုံးသတ်ရေးတိုက်ပွဲအတွက် အထွေထွေထိုးစစ်ကြီး ဆင်နွှဲမယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က ပြောဆိုခဲ့ဖူးပေမယ့် အခုချိန်ထိတော့ ရုပ်လုံးမပေါ်လာသေးပါဘူး။
ဒါပေမယ့် စစ်ရေးအပြောင်းအလဲအဖြစ် ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ စစ်ရုံးချုပ်ရဲ့ ကွပ်ကဲမှုအောက်မှာ အထူးတိုင်းစစ်ဌာနကို ဖွဲ့စည်းကာ နည်းဗျူဟာတွေ၊ တပ်ရင်းတွေ ပကဖတွေ EROs တပ်ဖွဲ့တွေ Local PDF တွေနဲ့အတူ စစ်ရေးအရှိန်မြှင့်သွားမယ်လို့ အသိပေးထားပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ-MOI