ကျိုက်မရော၊ စက်တင်ဘာ ၄

မွန်ပြည်နယ် ကျိုက်မရောမြို့နယ် ကော့ဒွန်း-ကော့ပနောကျေးရွာလမ်းဆုံမှာ စစ်ကော်မရှင်တပ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုကြောင့် ခရီးသွားတစ်ဦး သေဆုံးပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသ ခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။

တော်လှန်ရေးတပ်ဖွဲ့တွေ စစ်ဆေးရေးလုပ်နေတဲ့ ကော့ဒွန်း-ကော့ပနောကျေးရွာလမ်းဆုံကို စက် တင်ဘာ ၂ ရက်နေ့ ညနေ ၄ နာရီခွဲအချိန်ခန့်မှာ စစ်ကော်မရှင်တပ်က ဒရုန်းနဲ့ ဗုံးလေးလုံး ကြဲချသွားခဲ့တာပါ။

စစ်တပ်ရဲ့ ဒရုန်းနဲ့ဗုံးချမှုကြောင့် ကြယ်တံခွန်ခရီးသည်တင်ယာဉ်မှန်လုံနဲ့ ဟွန်ဒါဖစ်အိမ်စီးယာဉ်ပေါ်က ခရီးသွားအမျိုးသား၊ အမျိုးသမီး ၁၀ ဦး ထက်မနည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး အဲဒီထဲက ဒဏ်ရာပြင်းထန်တဲ့ အမျိုးသားတစ်ဦးဟာ ကျိုက်မရောဆေးရုံသို့ ပို့ဆောင်စဉ် သေဆုံးခဲ့ပါတယ်။

စစ်တပ် ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုမှာ ထိခိုက်ဒဏ်ရာရသူတွေဟာ ဘုရားသုံးဆူဘက်ကနေ မော်လမြိုင်မြို့ဘက်ကိုလာတဲ့ ခရီးသွားပြည်သူတွေ ဖြစ်တယ်လို့ ဒေသခံတွေရဲ့ ပြောပြချက်အရ သိရပါတယ်။

စစ်တပ်ဘက်ကတော့ ဒီတိုက်ခိုက်မှုကို ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ပြည်သူ့ကာကွယ် ရေးတပ်ဖွဲ့ PDF တွေက လုပ်ဆောင်ခဲ့တာလို့ လိမ်လည်ဝါဒဖြန့်ပါတယ်။

ဒေသခံတွေရဲ့ ပြောပြချက်အရ ကော့ဒွန်း-ကော့ပနောကျေးရွာလမ်းဆုံမှာ တော်လှန်ရေးတပ်ဖွဲ့တွေ မကြာခဏ စစ်ဆေးရေး လာလုပ်တာကြောင့် စစ်တပ်ဘက်က ဒရုန်းနဲ့ဗုံးချတိုက်ခိုက်မှုတွေ အမြဲလို လုပ်ဆောင်နေတာလို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.