ရေဖြူ၊ စက်တင်ဘာ ၁
တနင်္သာရီတိုင်း ရေဖြူမြို့နယ် မရမ်းချောင်းကျေးရွာ ရေး-ထားဝယ်ကားလမ်းမှာ မိသားစု သုံးဦး မြေမြှုပ်မိုင်းထိပြီး အသက် ၂ နှစ်အရွယ် သားဖြစ်သူ သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။
မနေ့ စက်တင်ဘာ ၁ ရက်နေ့ နေ့လည် ၁၂ နာရီအချိန်ခန့်မှာ မရမ်းချောင်းကျေးရွာနေ မိသားစုဝင် သုံးဦးဟာ ကလိန်အောင်မြို့ကနေ ဈေးဝယ်ပြီးပြန်လာစဉ် ရေး-ထားဝယ်ကားလမ်းမှာ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှုနဲ့ ကြုံခဲ့ရတာပါ။
ဒေသခံတွေရဲ့ ပြောပြချက်အရ သူတို့သုံးဦးဟာ မရမ်းချောင်းကျေးရွာ ရေး-ထားဝယ်ကားလမ်းမှာ သစ်ပင်ခုတ်ပြီး လမ်းပိတ်ထားမှုကို လမ်းဘေးကနေ ဆိုင်ကယ်နဲ့ ရှောင်ကွင်းသွားရာမှ မြေမြှုပ်မိုင်းနင်းမိပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။
မြေမြှုပ်မိုင်းကြောင့် အသက် ၂နှစ်အရွယ် သားဖြစ်သူ မောင်မြင့်အောင်ဟာ အခင်းဖြစ်ရာနေရာမှာပဲ အူပွင့်ဒဏ်ရာနဲ့ သေဆုံးခဲ့ပြီး ဖခင်ဖြစ်သူဦးကိုဦးနဲ့ မိခင်ဖြစ်သူ ဒေါ်ဇာခြည်မိုးတို့ ဒဏ်ရာရရှိခဲ့ကာ ဖခင်ဖြစ်သူဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေပါတယ်။
ဒီမြေမြှုပ်မိုင်းပေါက်ကွဲမှုကို စစ်ကော်မရှင်ဘက်က တော်လှန်ရေးတပ်ဖွဲ့တွေ ထောင်ထားတဲ့ မိုင်းကြောင့်လို့ စွပ်စွဲထားပြီး တော်လှန်ရေးတပ်ဖွဲ့တွေကတော့ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး တစ်စုံတစ်ရာ တုံ့ပြန်တာ မရှိသေးပါဘူး။
မြေမြှုပ်မိုင်းပေါက်ကွဲမှု ဖြစ်ပွားခဲ့တဲ့ မရမ်းချောင်းကျေးရွာ ရေး-ထားဝယ်ကားလမ်းမှာ စစ်ကော် မရှင်တပ်နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေ နှစ်ဖက်စစ်ရေးတင်းမာနေပြီး နှစ်ဖက်တိုက်ပွဲတွေလည်း ဖြစ်ထားဖူးတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – CJ