မော်လမြိုင်၊ စက်တင်ဘာ ၂

အာဏာသိမ်း စစ်ကော်မရှင် ကျင်းပပြုလုပ်မယ့် လာမယ့် အထွေထွေရွေးကောက်ပွဲအပိုင်း ၁ မှာ မွန်ပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်အားလုံးမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားမယ်လို့ မွန်ညီညွှတ်ရေးပါတီထံကနေ သိရပါတယ်။

စစ်ကော်မရှင် ကျင်းပမယ့် ရွေးကောက်ပွဲ အပိုင်း ၁ မှာ မွန်ပြည်နယ်က မော်လမြိုင်၊ ချောင်းဆုံ၊ ကျိုက်မရော၊ သထုံနဲ့ ကျိုက်ထိုမြို့နယ်တို့ ပါဝင်ပါတယ်။

အဲဒီမြို့နယ် ငါးမြို့နယ်လုံးမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်သွားဖို့ မွန်ညီညွှတ်ရေးပါတီ ဗဟိုအလုပ်မှုဆောင်အဖွဲ့က ဆုံးဖြတ်ထားပါတယ်။

မဲဆန္ဒနယ်မြေအားလုံးမှာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်ရတာဟာ မဲအများဆုံးရသူအနိုင်ယူစနစ် FPTP နဲ့ အချိုးကျကိုယ်စားပြုစနစ် PR တို့ ပေါင်းစပ်ထားတာလို့ မွန်ညီညွှတ်ရေးပါတီက ဆိုပါတယ်။

လက်ရှိမှာလည်း မွန်ညီညွတ်ရေးပါတီဟာ ရွေးကောက်ပွဲ ဝင်ရောက်ယှဉ်ပြိုင်မယ့် ပါတီကိုယ်စား လှယ်လောင်းတွေ စိစစ်ရွေးချယ်တာတွေ လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မွန်နိုင်ငံရေပါတီးတစ်ခုဖြစ်တဲ့ မွန်ညီညွတ်ရေးပါတီဟာ ပြီးခဲ့တဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ တနင်္သာရီတိုင်းအပြင် မွန်ပြည်နယ်နဲ့ ကရင်ပြည်နယ်တွေမှာပါ ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး ကိုယ်စားလှယ် ၁၂ နေရာ အနိုင်ရရှိခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့် မွန်ညီညွတ်ရေးပါတီဟာ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကော်မရှင် အမည်ပြောင်း စစ်ကောင်စီရဲ့ ဗဟိုနဲ့ ပြည်နယ်အဆင့်မှာ တာဝန်ထမ်းဆောင်ဖို့ အဖွဲ့ဝင်နှစ်ဦး စေလွှတ်ခဲ့တာကြောင့် မွန်လူထုအကြား ဝေဖန်မှုတွေနဲ့ ရင်ဆိုင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ-MUP

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.