ရန်ကုန်၊ စက်တင်ဘာ ၂

လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာနိုင်စရာ မရှိဘူးလို့ အများပြောထားတဲ့ ဒီဇင်ဘာလကစပြီး ကျင်းပမယ့် မြန်မာ စစ်ခေါင်းဆောင်တွေရဲ့ ရွေးကောက်ပွဲကို အိန္ဒိယက ထောက်ခံပြီး လေ့လာစောင့်ကြည့်ရေး အဖွဲ့ စေလွှတ်ပေးသွားမယ်လို့ ပြောထားကြောင်း စစ်ကော်မရှင် ထိန်းချုပ်ထားတဲ့ မီဒီယာက စက်တင်ဘာ ၁ ရက်က ဖော်ပြပါတယ်။

တရုတ်နိုင်ငံမှာ ကျင်းပတဲ့ ရှန်ဟိုင်း ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ ညီလာခံ ပြင်ပမှာ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ အိန္ဒိယဝန်ကြီးချုပ် နရန်ဒရာ မိုဒီနဲ့ သြဂုတ် ၃၁ ရက်က တွေ့ဆုံခဲ့ ပါတယ်။

အာဏာသိမ်းပြီးနောက် နိုင်ငံတကာခေါင်းဆောင်တွေက ဖယ်ကျဉ်ထားတဲ့ မင်းအောင်လှိုင်ကို နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ပြန်လည် ဆက်သွယ်ပေးရေး တရုတ်က သူတို့ ကျင်းပတဲ့ ညီလာခံတွေဆီ မကြာခဏ ဖိတ်ခေါ်ပေးနေပါတယ်။

မိုဒီနဲ့ တွေ့ဆုံချိန်မှာ နှစ်နိုင်ငံ နယ်စပ် တည်ငြိမ် အေးချမ်းရေး၊ ကုန်သွယ်မှု တိုးမြှင့်ရေး ရင်းနီးခင်မင်မှုနဲ့ ပူးပေါင်းဆောင်ရွက်မှု အားကောင်းအောင် ဆောင်ရွက်ရေး မင်းအောင်လှိုင်က ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံတွင်း ဒေသအားလုံးမှာ ရွေးကောက်ပွဲ ကျင်းပသွားမယ်လို့ စစ်တပ်က ပြောထားပေမယ့် သူတို့ မထိန်းချုပ်နိုင်တော့တဲ့ မြို့တွေ ဒေသတွေမှာ ရွေးကောက်ပွဲ ကျင်းပဖို့ဆိုတာက မဖြစ်နိုင် ပါဘူး။

လူထုထောက်ခံမှု အများဆုံး ရရှိထားတဲ့ ပါတီကို ရွေးကောက်ပွဲ မဝင်နိုင်အောင် တားဆီးထားပြီးမှ ကျင်းပမယ့် ရွေးကောက်ပွဲဟာ ဘယ်လိုမှ လွတ်လပ် မျှတတဲ့ ရွေးကောက်ပွဲ ဖြစ်လာစရာ အကြောင်း မရှိဘူးလို့ လေ့လာသူတွေက ပြောထားပေမယ့် အိမ်နီးချင်း နိုင်ငံကြီး နှစ်နိုင်ငံ ဖြစ်တဲ့ တရုတ်နဲ့ အိန္ဒိယက ထောက်ခံကူညီထားပါတယ်။

အိန္ဒိယ နိုင်ငံခြားရေး ဝန်ကြီးဌာနရဲ့ သြဂုတ် ၃၁ ရက် ကြေညာချက်မှာ မြန်မာနိုင်ငံရဲ့ ရွေးကောက်ပွဲအသစ် လွတ်လပ် မျှတမယ်လို့ မျှော်လင့်ကြောင်း ဖော်ပြထားပါတယ်။

အဲဒီညီလာခံမှာ မင်းအောင်လှိုင်ဟာ တရုတ် သမ္မတ ရှီကျင့်ဖျင်နဲ့လည်း တွေ့ဆုံခဲ့ပြီး ရွေးကောက်ပွဲ နဲ့ ပတ်သက်လို့ ဆွေးနွေးခဲ့တယ်ဆိုပြီး စစ်ကော်မရှင်ရဲ့ ပါးစပ်ပေါက် မီဒီယာ မြန်မာ့အလင်းမှာ ဖော်ပြထား ပါတယ်။

မြို့နယ်ပေါင်း ၃၃၀ကျော် ရှိတဲ့အထဲ သန်းခေါင်စာရင်း ကောက်ချိန်မှာတောင် ၁၄၅ မြို့နယ်ကိုပဲ ကောက်ယူ နိုင်ခဲ့တာကြောင့် တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ ဆိုတာက ဖြစ်လာ နိုင်ခြေ မရှိဘူးလို့ လေ့လာသူတွေက ပြောပါတယ်။

Ref:The StraitsTimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.