‎မော်စကို၊ စက်တင်ဘာ ၁

‎ယူကရိန်းမှာ ငြိမ်းချမ်းရေး ရရှိစေဖို့ အမေရိကန် သမ္မတ ဒေါ်နယ် ထရန့်ရဲ့ ကြိုးပမ်းမှုတွေကို ဥရောပ အင်အားကြီး နိုင်ငံတွေက တားဆီးနေကြောင်း ယူကရိန်းအနေနဲ့ ငြိမ်းချမ်းရေး လိုလားတယ်ဆိုတဲ့ လက္ခဏာတွေ အမှန်တကယ် ပြသလာတဲ့အထိ စစ်ဆင်ရေးတွေ ဆက်လက် ပြုလုပ်သွားမယ်လို့ ပြောလိုက်ပါတယ်။

‎ယူကရိန်း စစ်ပွဲ အဆုံးသတ်ရေး ရုရှားနဲ့ အမေရိကန်ရဲ့ ကြိုးပမ်းမှုတွေကို ဥရောပရဲ့ စစ်လိုလားတဲ့ အင်အားကြီးနိုင်ငံတွေက တားဆီးနေတယ်လို့ ကရင်မလင်နန်းတော် ပြောရေးဆိုခွင့်ရှိသူ ဒီမီထရီ ပက်စကော့ဗ်က ရုရှား နိုင်ငံပိုင်မီဒီယာ သတင်းထောက်တွေကို ပြောကြားခဲ့တာ ဖြစ်ပါတယ်။

‎“ပြဿနာကို နိုင်ငံရေးအရ သံတမန်ရေးအရ ဖြေရှင်းဖို့ ကျွန်တော်တို့ အသင့်ရှိပါတယ်။ဒီလို ဖြေရှင်းဖို့ ကြိုးပမ်းရာမှာ ကိဗ်အစိုးရဆီက အလားတူ သဘောထားမျိုး မမြင်ရသေးပါဘူး။ဒါကြောင့် ကျွန်တော်တို့ အထူး စစ်ဆင်ရေးကို ဆက်လုပ်နေတာ ဖြစ်ပါတယ်”လို့ ပြောခွင့်ရ ပက်စကော့ဗ်က ဆိုတာပါ။

‎ရုရှား ထောက်ပံ့ထားတဲ့ ခွဲထွက်ရေးသမားတွေနဲ့ ယူကရိန်း တပ်တွေကြား ယူကရိန်း အရှေ့ပိုင်းမှာ ၈ နှစ်ကြာ တိုက်ခိုက်မှုတွေ ဖြစ်ပွားခဲ့ပြီးနောက် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီမှာ ယူကရိန်းကို ကျူးကျော် တိုက်ခိုက်ဖို့ ရုရှားသမ္မတ ဗလာဒီမာ ပူတင်က အမိန့်ပေးခဲ့တာ ဖြစ်ပါတယ်။

‎လက်ရှိမှာ ယူကရိန်း နယ်မြေ ငါးပုံတစ်ပုံလောက်ကို ရုရှားက ထိန်းချုပ်ထားပြီး ယူကရိန်းကလည်း ရုရှား နယ်မြေ အနည်းငယ်ကို ထိန်းချုပ်ထားပါတယ်။

‎ပူတင်အနေနဲ့ ယူကရိန်း ငြိမ်းချမ်းဖို့ လိုလားမှုမရှိဘူးလို့ ယုံကြည်ထားတဲ့အကြောင်း ဥရောပ ခေါင်းဆောင်တွေက ပြောဆိုပါတယ်။

‎မိမိ သမ္မတ ဖြစ်လာရင် ယူကရိန်း စစ်ပွဲကို ၂၄ နာရီအတွင်း အဆုံးသတ်မယ်လို့ ကြွေးကြော်ခဲ့တဲ့ ဒေါ်နယ် ထရန့်အနေနဲ့ အဖြေရှာဖို့ ခက်ခဲနေပြီး ရုရှားအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်မယ်လို့ သတိပေးထားပါတယ်။

‎ပူတင်က ရုရှားအနေနဲ့ ငြိမ်းချမ်းရေး သဘောတူညီမှု ရယူဖို့ အဆင်သင့် ရှိတယ်လို့ ပြောဆိုထား ပေမယ့် ယူကရိန်းမှာ သိမ်းယူထားတဲ့ နယ်မြေတွေကိုတော့ ပြန်ပေးမှာ မဟုတ်ဘူးလို့ ပြောထား ပါတယ်။

‎Ref:Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.